Monday, May 29, 2023

ရေးမြို့မှ မော်လမြိုင်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီးအား KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး

 

နေပြည်တော် မေ ၂၉

KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ရေးမြို့မှမော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး အား လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကားနှင့်ဆိုင်ကယ်အဟောင်းများတင်ဆောင်၍ ရေးမြို့မှမော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီးယာဉ်နှင့် ၆ ဘီးယာဉ် ၂ စီးအား ရေး-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်၊ ၆၂/၅ နှင့် ၆၂/၆ အကြားနေရာ၌ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ကားဘီးများအား ပစ်ဖောက်၍ ယာဉ်မောင်းခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယာဉ်မောင်း ၂ ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment