Tuesday, May 30, 2023

မိုးဦး လေဦး ကူးစက်ရောဂါများ

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသူ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်မှု၊ ပညာအရည်အချင်း မြင့်မားမှုတို့က အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ရောဂါကင်းဝေး ကျန်းမာရေးကောင်းမွန် စေရန်မှာလည်း တစ်ဦးချင်းစီ၌ ကျန်းမာရေးအသိသုတတို့ ပြည့်ဝနေစေဖို့လိုသည်။ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းအားဖြင့် ရောဂါဖြစ်ပွားမှုများကို ရှောင်ရှားကာ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ခြင်းက ‘‘ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့်အတိုင်း မိမိတို့ တစ်ဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းနိုင်သကဲ့သို့ နိုင်ငံအနေဖြင့်လည်း ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်သည်။

ယခုအခါ မုတ်သုံမိုးဝင်ရောက်လာပြီဖြစ်ရာ မိုးဦးကျကာလမှစတင်၍ မိုးတွင်းကာလတွင် အဖြစ်များပြီး အန္တရာယ်လည်းကြီးမားသည့် ကူးစက်ရောဂါများ မဖြစ်ပွားမကူးစက်စေရန် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် ရာသီတုပ်ကွေးတို့သည် မိုးရာသီတွင် အဖြစ်များသော ကူးစက် ရောဂါများဖြစ်ပြီး လူကြီး၊ ကလေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော ရောဂါများဖြစ်သော်လည်း သတိပြုကာကွယ် နေထိုင်ခြင်းအားဖြင့် မကူးစက်မပြန့်ပွားအောင် ရှောင်ရှားနိုင်သည်။ မည်သည့်အကြောင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့ရသည်ကို သိရှိထားကာ နည်းမှန်လမ်းမှန် ကြိုတင်ကာကွယ်နေထိုင်ခြင်းအားဖြင့် အဆိုပါရောဂါများကို ကာကွယ်နိုင်သည်။

သွေးလွန်တုပ်ကွေးသည် မိုးရာသီတွင် အဖြစ်များသော ရောဂါဖြစ်သော်လည်း ရာသီတိုင်းတွင်လည်း ဖြစ်နိုင်သည်။ ယခင်က အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသော်လည်း ယခုအခါ အသက်အရွယ်မရွေး ဖြစ်ပွားလာသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ဒင်ဂီးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သည့် ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ခံရခြင်းဖြစ်ရာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း၊ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၌ ခြင်ကျား၊ ပိုးလောက်လမ်း နှိမ်နင်းခြင်းတို့ ဆောင်ရွက်ရန်လိုသည်။ ခြင်ကျား၊ ပိုးလောက်လမ်း နှိမ်နင်းခြင်းလုပ်ငန်းကို ရပ်ရွာလုံးကျွတ်တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေကန်များတွင် ပိုးလောက်လမ်း သတ်သည့် အဘိတ်ဆေးခတ်ခြင်းတို့ကို လူထုလှုပ်ရှားမှုပုံစံဖြင့် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။

မိုးရာသီတွင် အဖြစ်များသည့် နောက်ထပ်ရောဂါတစ်ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ရေမသန့်ရှင်းခြင်း၊ အစားအစာ မသန့်ရှင်းခြင်း၊ တစ်ကိုယ်ရေ မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းတို့မှာ ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သို့ဖြစ်ရာ ရေသန့် သို့မဟုတ် ကျိုချက်ထားသည့် ရေကိုသာ သောက်သုံးခြင်း၊ ယင်နားထားသည့် အစားအစာ၊ အမှည့်လွန်သစ်သီး စသည်တို့ကို ရှောင်ရှားခြင်း၊ ပူပူနွေးနွေး အစားအစာကို စားသုံးခြင်း၊ အစာမစားမီနှင့် အိမ်သာမှ ထွက်ချိန်တို့တွင် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောခြင်း၊ လက်သည်းများ ညှပ်ထားခြင်း၊ အိမ်နှင့် ပတ်ဝန်းကျင်ကို ရှင်းလင်းသန့်ရှင်းခြင်းတို့ဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။

ရာသီတုပ်ကွေးသည်လည်း မိုးရာသီတွင် အဖြစ်များသည့် ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ရာ လူထူထပ်သည့်နေရာများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာမကြာဆေးခြင်းတို့ဖြင့် ရောဂါမကူးစက်အောင် ကာကွယ်နိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများဖြင့် နေထိုင်ကြခြင်းက လူတိုင်းကို ရောဂါဘယကင်းစင်ကာ ကျန်းမာပျော်ရွှင်မှုတို့ဖြင့် ပြည့်စုံစေမည်ဖြစ်ရာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူခြင်း၊ ဥတုသပ္ပါယမျှတစွာ ဆင်ယင်နေထိုင်ခြင်း၊ သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ခြင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးတို့ကိုရှောင်ကြဉ်ခြင်းအားဖြင့် မိမိတို့၏ ကိုယ်ခံအားများကို မြှင့်တင်ကာ ကူးစက်တတ်သော ရောဂါများမှ လူတိုင်းရှောင်ရှားနိုင်ကြ ပါစေကြောင်း။ ။

No comments:

Post a Comment