နေပြည်တော် မေ ၂၆
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား
ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်
(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်
တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏
ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ
မန္တလေးမြို့ မစိုးရိမ်တိုက် သစ် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ
အားဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကျင်းပပြုလုပ်မည့်
အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာတော်ထံလှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား
လာရောက်ဖူးမြော်ကြမည့် ရန်ကုန်မြို့မှ ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော် ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်
အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြု သည်
ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ဆရာတော်ဘုရားကြီးသည်
သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် ၂၀၁၀ ပြည့် နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး
တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ယခုကဲ့သို့
နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်ပါကြောင်း၊ ထိုသို့
တာဝန် ထမ်းဆောင်ခဲ့ချိန်တွင်လည်း သာသနာ့အကျိုးကို စွမ်းစွမ်းတမံဖြင့် ထမ်းဆောင်ခဲ့
ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို
နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနားကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး
စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ သာသနာ့ဦးသျှောင်တာဝန်များကို
ထမ်းဆောင်ခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်း သည်
သာသနာတော်နှင့် နိုင်ငံတော်အတွက်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည့်အတွက်
များစွာကြေကွဲဝမ်းနည်းမိပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ရုပ်ကလပ် တော်အား
လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘ ပြည်သူများအဆင်ပြေစေ ရေးအတွက်လည်း
စနစ်တကျစီစဉ်သွားမည် ဖြစ်ပါကြောင်းဖြင့် တင်ပြလျှောက်ထားပြီး ဆရာတော်ကြီး၏ ဩဝါဒ
ခံယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်
အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများမှ လှူဒါန်းသည့်အလှူငွေများကိုပေးအပ်လှူဒါန်းရာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့ကဆရာတော်ဘုရားကြီး၏
အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့်
မြန်မာစီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့မှ
ပေးအပ်လှူဒါန်းသည့် အလှူငွေများ၊ စုပေါင်းအလှူငွေများကို ပေးအပ်လှူဒါန်းရာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ်ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားကိုနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏
ဥတုဇရုပ်ကလပ်တော်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။
အဆိုပါ ဗန်းမော်ဆရာတော်ဘုရားကြီး အလောင်းလျာကို
မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ တနင်္လာနေ့တွင်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊
မယ်တော် ဒေါ်အေးသိုက် တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၄ ခုနှစ်၊
ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊
ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍
မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀
ပြည့်နှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် တောင်သာမြို့ နယ်၊ ရဘဲကျေးရွာ၊
ရဘဲကျောင်းတိုက် ဗဒ္ဓသိမ်၌ကံမြဲကံဦး ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ(ဦးပွား)ကို
ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့
ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး
၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ BA
(မန်းတက္ကသိုလ်)၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့”
၁၃၁၈ ခုနှစ်တွင် “ပါဠိသိရောမဏိ” ဘွဲ့၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့
တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt)
ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ် သော Doctor
of Letters (D.Litt) ဘွဲ့၊ ၂၀၁၆
ခုနှစ်တွင် ကိုးရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D)
ပါရဂူဘွဲ့ တို့ကိုရရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည်
နိုင်ငံတော်သံဃမဟ နာယက အဖွဲ့စသော သံဃာ့အဖွဲ့ အစည်း ဖွဲ့စည်းနိုင်ရန်
မူလသံဃာ့ဝန်ဆောင်(၆၆)ပါးအဖွဲ့၌ ပါဝင်၍ မန္တလေးတိုင်းဒေသ ကြီးအတွင်း
လှည့်လည်ဟောပြောပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှဆဋ္ဌအကြိမ်
၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖြစ်လည်းကောင်း၊ ၂၀၁၀
ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့
အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်းကောင်း သာသနာ့တာဝန်များကို
ဆောင်ရွက်တော်မူခဲ့ကြောင်း။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့်
သယ်ပိုးဆောင်ရွက် တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္စနဂုဏ်၊
ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် ပရဟိတာဝဟဂုဏ်၊
သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့်
နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ
အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု”
ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီး သည်
သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူလျက်ရှိစဉ် သက်တော်(၉၄) နှစ်၊
သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊
မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ
ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး
တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည်
သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး
ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်ခမ်းနားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment