Friday, May 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကားပြောကြား၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 


နေပြည်တော် မေ ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကား ပြောကြားသည်။

 











ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်ခဲ့ရသည့် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်၍ မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။

ထို့နောက် အဆိုပါမြို့များရှိ မုန်တိုင်းသင့်ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှုအရ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်မျက်မြင်တွေ့ရှိနိုင်ရန် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာများအား မိမိအသိစိတ်ဓာတ်ဖြင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များလာရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြို့နေဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိမြို့/ရွာ သန့်ရှင်းသာယာလှပရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။

မကြာမီ ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အမိုးအကာ အအောက်လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူတက်ရောက်မှုအများဆုံးဖြစ်သည့် အထက်တန်းကျောင်းများအား ဦးစားပေးအဖြစ် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ မြို့နယ်ဆေးရုံကြီး (ကုတင်-၅၀)ကိုလည်း အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူနိုင်ရန်လိုအပ်ကြောင်း၊ ယင်းအတွက် ဌာနဆိုင်ရာအဖွဲ့များအနေဖြင့် မြို့နယ်အလိုက် စနစ်တကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျစီမံခန့်ခွဲ၍ ပို့ဆောင်ပေးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ယခုမုန်တိုင်းလွန်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြန်ဆုံးမူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် အခြားလိုအပ်သည်များကို ရှင်းလင်းတင်ပြကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မုန်တိုင်းသင့်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ငပိ စသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးနေသည့် ပဲခူးတိုင်းဒေသကြီးမှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်သည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ခရီးစဉ်အတွင်း ကျောက်တော်နှင့် ရသေ့တောင်တပ်နယ်များသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကားပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောက်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment