Friday, May 19, 2023

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်းချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန်လို

 


နေပြည်တော် မေ ၁၉

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို လူမှုရေးဦးတည်ချက်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ စာရိတ္တမဏ္ဍိုင်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထွန်းကားရေး၊ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရေး အစရှိသည့် ကဏ္ဍအသီးသီးတိုးတက် အောင်မြင်မှုရရှိအောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးနေခြင်းသည် တိုင်းပြည်၏ လူသားအရင်းအမြစ်များ ရှင်သန်ခိုင်မာအောင်ပင်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့၏အနာဂတ် နိုင်ငံတော်ကြီးသည် လူသားအရင်းအမြစ်ကောင်းများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိမှာပင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 















အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်း လူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်တာကာလများတွင် မိမိတို့၏ကိုယ်ပိုင် အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ အနာဂတ်ကာလတွင် မိမိ၏နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရေကြောင်းနှင့်လေကြောင်းပညာရပ်ဆိုင်ရာ သင်တန်းအသီးသီးကို တက်ရောက်ခဲ့ကြသည့် မောင်မယ်များကို တွေ့ဆုံဂုဏ်ပြုအမှာစကားပြောကြားရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြောင်းကို ဦးစွာပြောကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ရေကြောင်းပညာနှင့် လေကြောင်း ပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ယခုလိုသင်တန်းများကို တပ်မတော်အနေဖြင့် ဖွင့်လှစ်ပေးနေခြင်းပင် ဖြစ်ကြောင်း။

ပြည့်အင်အားဟူသည် ပြည်တွင်း၌သာရှိသောကြောင့် မောင်တို့မယ်တို့သည်လည်း အနာဂတ်နိုင်ငံတော်အတွက် အင်အားသစ်များကို ဖြည့်ဆည်းပေးကြမည့် တိုင်းပြည်၏ ဖန်တီးရှင်များပင်ဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းဖျတ်လတ်မှုများနှင့် ပြည့်စုံနေသည့် လူငယ်ဘဝတွင် မိမိတို့ဝါသနာပါကြသည့် ပညာရပ်အသီးသီးကိုလေ့လာပြီး နွေရာသီကျောင်းပိတ်ရက်ကာလများကို အကျိုးရှိရှိအသုံးချခဲ့သည့်အတွက် မိဘဆွေမျိုးများအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူနေကြမည်ဆိုသည်ကို ယုံကြည်မိပါကြောင်း၊ သင်တန်းကာလအတွင်း သင်ခန်းစာဘာသာရပ်များမှ ဗဟုသုတအတွေ့အကြုံများကို ရရှိစေခဲ့သကဲ့သို့ လူငယ်အချင်းချင်း မိတ်ဆွေအပေါင်းအသင်းဖြစ်ခွင့်များကိုပါ ရရှိစေခဲ့ပြီး ချစ်ခင်ရင်းနှီးမှုများ တိုးပွားစေခဲ့မည်ဖြစ်ကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်းချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းအသီးသီးကို ရက်သတ္တပတ် ၄ ပတ် တာဖွင့်လှစ်ခဲ့ပြီး သိသင့်သိထိုက်သည့် ရေကြောင်းနှင့်လေကြောင်းပညာရပ်များအပြင် အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြားပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စည်းကမ်းစနစ်တကျရှိမှုများကို ဖော်ပြနေသည့် စစ်ရေးပြဘာသာရပ်သည် မဖြစ်မနေသင်ယူသင့်သည့် အခြေခံစစ်ပညာဘာသာရပ်တစ်ခုပင်ဖြစ်ကြောင်း။

ရေကြောင်းပညာရပ်တွင် အခြေခံရေတပ်သားဘာသာရပ်များ၊ ရေကြောင်း လမ်းညွှန်အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ အခြေခံရေကူးနှင့် လှေလှော်၊ ရွက်တိုက်ဘာသာရပ်များကိုလည်း မောင်တို့မယ်တို့အနေဖြင့် လေ့လာသင်ကြားခဲ့ကြပြီးဖြစ်ကြောင်း။

လေကြောင်းပညာရပ်တွင် လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားများ၊ လေယာဉ်တည်ဆောက်မှုအခြေခံသဘောတရားများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း စသည့်ဘာသာရပ်များကို လေ့လာသင်ကြားခဲ့ကြပြီးဖြစ်ကြောင်း။

ပညာရပ်အသီးသီးတွင် မြေပြင်မှာကြုံတွေ့ရသည့် အခြားသောပညာရပ်နှင့်မတူညီဘဲ ကျယ်ပြန့်နက်ရှိုင်းမှုများရှိနေကြခြင်းကို မောင်တို့မယ်တို့တွေ့ရှိခဲ့ကြရပြီးဖြစ်ကြောင်း။ ခက်ခဲနက်နဲမှုများ ရှိလေလေ ရရှိသည့်အောင်မြင်မှု အသီးအပွင့်များသည်လည်း တန်ဖိုးရှိလေလေဖြစ်ခြင်းကြောင့် မောင်တို့မယ်တို့အနေဖြင့် သင်တန်းကနေရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို ဆက်လက်အသုံးချနိုင်ရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုလို သင်တန်းတက်ရောက်ခွင့်ရသည့် အတွက်ကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆောင်ရွက်မှုများကိုပါ မောင်တို့မယ်တို့မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ ရေပြင်/ ဝေဟင်တန်ဖိုးကို သိနားလည်၍ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံများသည် ရေကြောင်းနှင့်လေကြောင်းပညာရပ်များကို စဉ်ဆက်မပြတ် ခေတ်နှင့်အညီ လေ့လာဖော်ထုတ် သုတေသနပြုပြီး ကာကွယ်ရေးစွမ်းအားအတွက်သာမက အမျိုးသားအကျိုးစီးပွားအတွက်ပါ မြှင့်တင်နိုင်အောင် ယှဉ်ပြိုင်ကြိုးစားလျက်ရှိကြောင်း၊ ကာကွယ်ရေး စွမ်းအားတောင့်တင်းခိုင်မာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိနေခြင်းကြောင့် မောင်တို့မယ်တို့ သင်ယူခဲ့ရသည့် ပညာရပ်အသီးသီး၏တန်ဖိုးကို သိရှိနားလည်တန်ဖိုးထားကြရန် လိုအပ်ကြောင်း။

ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးရည်လှသူတိုင်းသည် အရာရာကို အကောင်းအဆိုးခွဲခြားနိုင်စွမ်းရှိခြင်းကြောင့် ပညာ၏အရေးပါမှုကို သိနားလည်ပြီး မိမိတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ဂရုပြုနိုင်စွမ်းရှိကြကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဘဝလမ်းကြောင်း၊ မိမိမိသားစု၏ အနာဂတ်လမ်းကြောင်းကို တည့်မတ်ဖြောင့်မတ်အောင် ထိန်းကျောင်းနိုင်မှသာလျှင် မိမိနိုင်ငံတော်ကိုလည်း မယိမ်းမယိုင်အောင် ကာကွယ်စောင့်ထိန်းနိုင်သူများ ဖြစ်လာကြမှာဖြစ်ကြောင်း၊ စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေများပင်ဖြစ်ကြောင်း၊ စာအုပ်စာပေများထဲက လူသားတို့အတွက် မှန်ကန်သည့် အသိဉာဏ်ရင့်သန်မှုကိုပေးနိုင်စွမ်းရှိ၍ မောင်တို့မယ်တို့အနေဖြင့် စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုတတ်ရန်လိုအပ်ကြောင်း၊ ငယ်စဉ်ဘဝကတည်းက စာကောင်းပေမွန်များဖတ်ရှုခြင်းအားဖြင့် မှန်ကန်သည့်အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာများ ကိန်းအောင်းနိုင်စေရန် အခြေခံစိတ်ဓာတ်ကောင်းများလည်းရရှိစေမှာဖြစ်ကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် ယခုတက်ရောက်ခဲ့သည့် သင်တန်းများကရရှိခဲ့သည့် အချိန်ကိုလေးစားပြီး အကျိုးရှိရှိအသုံးချခဲ့သည့် အတွေ့အကြုံ၊ စည်းကမ်းတကျ လုပ်ဆောင်တတ်သည့် အတွေ့အကြုံ၊ အချင်းချင်း ဆွေးနွေးတိုင်ပင်၊ လက်တွဲလုပ်ကိုင်တတ်သည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး နောင်အနာဂတ်ခရီး လျှောက်လှမ်းသွားမည်ဆိုလျှင် လူ့တန်ဖိုးသည် အများကြီးရှိလာမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတပစ္စည်းများ မည်မျှပင်ပေါကြွယ်ဝစေကာမူ ထိထိရောက်ရောက်ပုံဖော်အသုံးချနိုင်စွမ်းမရှိလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သည်လည်း နှေးကွေးတတ်ကြကြောင်း၊ မိမိတို့နိုင်ငံသည် ရာသီဥတုသာယာမျှတမှု၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင်တည်ရှိနေမှု၊ ရာသီဥတုသုံးမျိုးစလုံးနှင့် ကိုက်ညီစွာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ယခုလိုအခြေခံကောင်းများကို အကျိုးရှိစွာ အသုံးချနိုင်ရန် လူသားအရင်းအမြစ်များရှိမှသာ တိုင်းပြည်၏ စီးပွားသည်လည်း ယခုထက်မက အဆပေါင်းများစွာ တိုးပွားလာမှာပင်ဖြစ်ကြောင်း။

ပထမအရွယ်မှာရှိနေကြသည့် မောင်တို့မယ်တို့အနေဖြင့် ပညာကိုကောင်းစွာ သင်ကြားကြရမည့်အချိန်အခါတွင် မိမိစိတ်ကို ပျက်စီးလေလွင့်စေမည့်တခြားအရာများ နှင့် မပတ်သက်မိအောင် သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် မိမိ၏ကျန်းမာရေးကို လျစ်လျူရှုနေထိုင်တာမျိုးများမဖြစ်စေရန်လည်း အရေးကြီးကြောင်း၊ “အာရောဂျီ ပရမံ လာဘံ” ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ခြင်းကြောင့် အကျိုးမရှိသည့် ကွမ်း၊ ဆေး၊ အရက် စသည့် မူးယစ်ဆေးဝါး အခြေခံအမူအကျင့်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စာရိတ္တမဏ္ဍိုင်ပျက်စီး ယိုယွင်းမှု ဇာစ်မြစ်ကို ဖော်ထုတ်လိုက်ရင် မူးယစ်ဆေးဝါးသည် အဓိကတရားခံဖြစ်ခြင်း ကို တွေ့ရှိရမှာပင်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိမိအလိုရှိရာကို စိတ်သွားတိုင်းကိုယ်ပါ စီမံဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားများကို ပြုလုပ်ကြရန်လိုအပ်မည်ပင်ဖြစ်ကြောင်း၊ ကြံ့ခိုင်သန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရေး ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

မောင်တို့မယ်တို့သည် အမိနိုင်ငံတော်ကြီးထဲတွင် မွေးဖွားသူများဖြစ်သည်နှင့်အညီ အမိနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာများကို ကောင်းစွာသိရှိနားလည်ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ မြန်မာ့သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် ဒွန်တွဲလျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏ အကျိုးစီးပွားကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အဆိုးမြင်အယူအဆများကို မောင်တို့မယ်တို့အနေဖြင့် တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ သို့မှလည်း မီဒီယာအပါအဝင် အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကအားထားရသည့် မျိုးဆက်သစ်မောင်မယ်များဖြစ်လာကြမည်ပင်ဖြစ် ကြောင်း။

သင်တန်းတက်ရောက်ရာမှတစ်ဆင့် ရရှိခဲ့သည့် လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုများကို ဆက်လက်မွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားကြရန်၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေချိန်တွင် သင်ယူခဲ့သည့် ပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများမှ အကျယ်ချဲ့စဉ်းစားပြီး ထပ်မံစူးစမ်းလေ့လာမှုများ ပြုလုပ်သွားကြရန်၊ မှန်ကန်သည့် အသိအမြင်များရရှိစေရန် စာကောင်းပေမွန်များကိုဖတ်ရှုပြီး မိဘဆရာသမားများ၏ အဆုံးအမများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ “ပညာရွှေအိုး လူမခိုး” ဟူသည့်အတိုင်း ပညာခေတ်တွင် ပညာရှာရင်း မိမိတို့၏ ကျန်းမာရေးအတွက်လည်း ဂရုပြုဆင်ခြင်နေထိုင်သွားကြရန်၊ မိမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့်နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် မျိုးဆက်သစ်မောင်မယ်များဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မကေဇင်သွယ်နှင့် လေကြောင်းလူငယ်သင်တန်းမှ မနန်းမိုခမ်း တို့က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်)(၁/၂၀၂၃)တို့တွင် တက်ရောက်သင်ကြားခဲ့ရသည့်ရေကြောင်း၊ လေကြောင်း ဆိုင်ရာအတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြသည်။ ထို့နောက် ယခုကဲ့သို့ အားလပ်သည့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးစေပြီး ဒေသန္တရဗဟု သုတများစွာရရှိနိုင်စေရေးအတွက် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးကာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ကြည်ရင်းနှီးစွာ အတူတကွတွေ့ဆုံ၍ သင်တန်းတက်ရောက်ခွင့်ရခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လူငယ်မောင်မယ်များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုသင်တန်းများသည် မိမိတို့လူငယ်မောင်မယ်များအတွက် တန်ဖိုးကြီးမားပြီးအဓိပ္ပါယ်ရှိသည့် သင်တန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ်လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ကအားထားရသည့် ရေကြောင်းဆိုင်ရာပညာရှင်များ၊ လေကြောင်းဆိုင်ရာပညာရှင်များ၊ နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာစွမ်းဆောင်ပေးနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံရိုက်ကြသည်။

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့်ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment