Tuesday, May 30, 2023

နိုင်ငံတော်နှင့်ပြည်သူအကျိုးပြု အစားထိုးစွမ်းအင်အသုံးပြု


မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကြီးကို မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် လေးရက်ကြာကျင်းပခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ပြသခဲ့ကြသည့်အနက် လျှပ်စစ်ယာဉ်နှင့်ပတ်သက်၍ အထူးစိတ်ဝင်စားကြသည်ကိုတွေ့ရသည်။‌

တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ၏ ပြခန်းများတွင် Electric Vehicle (EV) မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးနှင့် ဆီသုံးဆိုင်ကယ်တို့ကို ပြပွဲသို့လာရောက်ကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် ပိုမိုစိတ်ဝင်စားကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အကြီး အကဲ၏လမ်းညွှန်မှုဖြင့် ယမန်နှစ်ကတည်းက လျှပ်စစ်မော်တော်ယာဉ်များ တင်သွင်းအသုံးပြုနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါနိုင်ငံအတွင်းသို့ လျှပ်စစ်မော်တော်ယာဉ်များ အဆက်မပြတ်တင်သွင်းလျက်ရှိပြီး အဆိုပါယာဉ်များ အားဖြည့်သွင်းရန် အားသွင်းစက်များ၊ စတေရှင်များ တင်သွင်းစီမံပေးထားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်စီမံကိန်းကို စတင်အကောင်အထည် ဖော်နိုင်ပြီဖြစ်သော်လည်း လတ်တလောတင်သွင်းထားသည့်ယာဉ်များအနေဖြင့် တန်ဖိုးမြင့်မားခြင်းနှင့် လျှပ်စစ်ယာဉ်နှင့်ပတ်သက်၍ လက်ခံမှုလိုအပ်ချက်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် မဖြစ်ပေါ်လာသေးပေ။ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်အနေဖြင့် အများပြည်သူ ဝယ်ယူအသုံးပြုနိုင်ရန် တန်ဖိုးသင့်တင့်သော လျှပ်စစ်ယာဉ်များဖြင့် စတင်ခြင်းဖြင့် ရည်မှန်းချက်သို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ နေပြည်တော်၌ ပြသခဲ့သည့် ကုန်စည်ပြပွဲတွင် တန်ဖိုးနည်းလျှပ်စစ်မော်တော်ယာဉ်များနှင့်ပတ်သက်၍ စတင်မိတ်ဆက်ပေးလိုက်သည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံမှ လာရောက်ပြသအရောင်းမိတ်ဆက်သည့် လျှပ်စစ်မော်တော်ယာဉ်သည် အကြမ်းဖျင်းဈေး သိန်းတစ်ရာကျော်ခန့်ဝန်းကျင်ရှိပြီး အမြန်နှုန်း ၅၅ ကီလိုမီတာ၊ ၎င်းယာဉ်ကို အားသွင်းလျှင် မိမိနေအိမ်ရှိ အိမ်သုံးပါဝါ ၂၂၀ ဖြင့် အားသွင်းနိုင်ကာ အားသွင်းကြာမြင့်ချိန် သုံးနာရီမှ ခြောက်နာရီခန့် ကြာမြင့်သည် ဟုသိရသည်။ ထို့အပြင် အခြားလျှပ်စစ်မော်တော်ယာဉ်တို့မှာလည်း အကြမ်းဖျင်း ကျပ်သိန်း ၈၀၊ ၆၅ သိန်းခန့်ရှိပြီး ယာဉ်အရောင်အမျိုးမျိုးရှိသည်။ လျှပ်စစ်သုံးဘီး ဆိုင်ကယ်မှာ အကြမ်းဖျင်း ကျပ် ၃၂ သိန်းခန့်ရှိပြီး တန်ချိန် တစ်တန်ခွဲတင်နိုင်ကာ ဟိုက်ဒရောလစ်စနစ်ပါဝင်သည်။ လျှပ်စစ်ဆိုင်ကယ်များမှာ အားသွင်းချိန် နှစ်နာရီခန့်ဖြင့် မိုင် ၃၀ ခန့် မောင်းနှင်နိုင်သည်ဟုသိရသည်။ ကုမ္ပဏီအနေဖြင့် မကြာမီ မြန်မာပြည်ဈေးကွက်၌ ရောင်းချသွားမည်ဖြစ်ရာ လက်ရှိတွင် အစမ်းမောင်းနှင်ခွင့်ပြု သဖြင့် လေ့လာသူပြည်သူများ စိတ်ဝင်စားကြသည်။

မြန်မာနိုင်ငံတွင် လောင်စာဆီစွမ်းအင်အစားထိုး လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းဖြင့် ပြည်ပမှ လောင်စာဆီဝယ်ယူတင်သွင်းနေရသည့် နိုင်ငံခြားသုံးငွေ လျော့နည်းသက်သာစေခြင်း၊ လောင်စာဆီသုံးယာဉ်များအသုံးပြုခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပေါ်ထွက်လာသဖြင့် လူ၊ သတ္တဝါနှင့်သစ်ပင်များ ပျက်စီးထိခိုက်မှုမှ ကင်းလွတ်စေခြင်း၊ လျှပ်စစ်ယာဉ်များသည် အင်ဂျင်ယာဉ်များကဲ့သို့ ဆူညံသံမဖြစ်ပေါ်စေခြင်းနှင့် မောင်းနှင်ရန်လိုအပ်သည့်စွမ်းအင်ရရှိစေရေး စုဖွဲ့တည်ဆောက်ထားသည့် အစိတ်အပိုင်းအုပ်စုပါဝင်မှုနည်းပါးပြီး လွယ်ကူရှင်းလင်းပေါ့ပါးသည့်အတွက် အင်ဂျင်ယာဉ်များကဲ့သို့ ရှုပ်ထွေးများပြားလေးလံသည့် အစိတ်အပိုင်းများလျော့နည်းခြင်း၊ ပျက်စီးချွတ်ယွင်းမှုနည်းပါးပြီး ပြုပြင်ထိန်းသိမ်းရန်လွယ်ကူသဖြင့် ကုန်ကျစရိတ်လျော့နည်းသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရှိသည်။

ထို့အပြင် လျှပ်စစ်ယာဉ်သည် ပေါ့ပါးသဖြင့် အရှိန်ဖြင့်မောင်းနှင်လျှင် တိမ်းမှောက်နိုင်သည်ဟု အထင်အမြင်လွဲမှားနေကြသည်။ ကမ္ဘာမြေဗဟိုချက် ဆွဲငင်အားနှင့် ယာဉ်ပေါ့ပါးမှုကြောင့် အရှိန်ဖြင့်မောင်းနှင်ရာတွင် တိမ်းမှောက်မှုမရှိပေ။ အင်ဂျင်ယာဉ်သည် ဘရိတ်နင်းပြီး ရပ်တန့်ရာတွင် ဘရိတ်ရှူးနှင့်ဘီးများ ပွတ်တိုက်စားခြင်း ဖြစ်ပေါ်စေသည်။ လျှပ်စစ်ယာဉ်သည် စက်ရှိန်သတ်ရပ်သဖြင့် ကားဘီးများ ပွတ်စားမှုလျော့နည်းပြီး သက်တမ်းကြာရှည်ခံသောကြောင့် ကုန်ကျ စရိတ်လျော့နည်းခြင်းနှင့် ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် အင်ဂျင်ဝိုင် အစရှိသည့် ချောဆီများ မလိုအပ်တော့သဖြင့် ကုန်ကျစရိတ်များစွာသက်သာစေသည်။ လျှပ်စစ်ယာဉ်ကို အဓိကစွမ်းအားဖြည့်ပေးသည့် ဘက်ထရီမှာ ဈေးနှုန်းမြင့်သော်လည်း နည်းပညာမြင့်တက်လာသည်နှင့်အမျှ ဈေးလျော့လာပြီး အရည်အသွေးတက်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ကချမှတ်ပေးသည့် လျှပ်စစ်သုံးယာဉ်မူဝါဒအတိုင်း သက်ဆိုင်ရာတို့က စေတနာထား၍ ပေါင်းစပ်အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးများသောလောင်စာဆီအစားထိုး လျှပ်စစ်မော်တော်ယာဉ်စီမံကိန်းကြီး ရုပ်လုံးပေါ်လာမည်ဖြစ်ပါကြောင်း။           

No comments:

Post a Comment