စစ်တွေ မေ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်း တွင် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိကြပြီး ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် For Tune သင်္ဘော၊ Sun Shine သင်္ဘောနှင့် တပ်မတော်စစ်ရေယာဉ်များပေါ်မှ ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ရေယာဉ်/ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့်ဒေသ များသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့်ဒေသများသို့ ပို့ဆောင်ကြမည့် တပ်မတော်ကမ်းထိုးရေယာဉ်များကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်း များ တင်ဆောင်လာသော သင်္ဘောများ ရောက်ရှိလာပါက အချိန်ကြန့်ကြာမှုမရှိဘဲ ပစ္စည်းများ အတင်အချပြုလုပ်နိုင်ရေး ကြိုတင် စီမံဆောင်ရွက်ထားရန်၊ ပစ္စည်းများ စနစ်တကျဖြန့်ခွဲနိုင်ရေး၊ ဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်ရေးနှင့် ပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် မြို့ပတ်လမ်းတစ်လျှောက် လျှပ်စစ်မီးတိုင်များ ပြုပြင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး စစ်တွေတပ်နယ်ဧည့်ရိပ်သာသို့ ရောက်ရှိ၍ ရိပ်သာ ပြန်လည်ပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ စစ်တွေမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အမိုးမိုးခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းရေးနှင့် ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရေးနှင့် ကျောင်းဖွင့်ချိန်အမီပြီးစီးရေး လမ်းညွှန်မှာကြားသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ၂၃၀ ကေဗွီ မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းတို့ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ့ လူအင်အား ၅၆၇ ဦး၊ ယာဉ်ယန္တရား ၆၂ စီးတို့ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်ပြီးစီး
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေခရိုင် ရသေ့တောင်မြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးသော ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်းရှိ တာဝါတိုင် ခုနစ် တိုင်၊ ရသေ့တောင်မြို့ပေါ်သို့ ဓာတ်အားဖြန့်ဖြူးပေးသော ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်းမှ ဓာတ်တိုင် ၇၆ တိုင်နှင့်ထရန်စဖော်မာနှစ်လုံး ထိခိုက်ပျက်စီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်း ၉၂ ဦး၊ ယာဉ်ယန္တရား ခြောက်စီးတို့ဖြင့် ရသေ့တောင်မြို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ပြင်ဆင်ဆောင်ရွက် ခဲ့ရာ မေ ၂၆ ရက်အထိ ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၄ တိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသော ဓာတ်အားလိုင်းများကို ဇွန်လပထမပတ်အတွင်း ပြီးစီးအောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment