နေပြည်တော် မေ ၂၈
အာဆီယံ၏ One ASEAN One Response နှင့်အညီ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT)သည် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ဘေးသင့်ဒေသများဖြစ်သော ရခိုင် ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ မေ၂၂ ရက်မှ ၂၅ ရက်အထိ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့သည်။
အဆိုပါ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT) ၏ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ ကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် တွေ့ရှိချက်နှင့် လုပ်ငန်းစဉ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ AHA Centre ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး(လုပ်ငန်း)၊ AHA Centre မှ ဝန်ထမ်းများနှင့် ASEAN-ERAT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့သော အဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်များက စစ်တမ်းကောက်ယူမှုမှ ဦးစားပေးလုပ်ငန်းများဖြစ်သည့် အစားအစာ၊ အမိုးအကာ၊ ရေနှင့်သန့်ရှင်းရေးနှင့် သောက်သုံးရေ၊ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင် စသည်တို့နှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူစဉ် တွေ့ရှိချက်၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ASEAN-ERAT အဖွဲ့၏ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း၊ ကွင်းဆင်းကောက်ယူမှုများသည်လည်း ကျစ်လျစ်၍ ပြီးပြည့်စုံမှု ရှိကြောင်း၊ အစိုးရအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးရရှိမှုနှင့်ဆက်သွယ်ရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သောက်သုံးရေသန့်ရရှိရေးအတွက် ပျက်စီးသွားသောရေကန်များပြင်ဆင်ခြင်း၊ အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် သက်ဆိုင်ရာ ဌာနများမှ မျိုးစေ့များ၊ မွေးမြူရေးအတွက် မျိုးသားပေါက်များ ဖြန့်ဝေရန်စီစဉ်လျက်ရှိကြောင်း၊ Cash for work အစီအစဉ်ဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကလည်း အများပြည်သူပိုင်နေရာများကို ရှင်းလင်း လျက်ရှိကြောင်း၊ ဈေးများပြန်လည်ဖွင့်နိုင်ရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရေသန့်စက်တင်ဆောင်ထားသည့်ယာဉ်များဖြင့် ရေသန့်ဖြန့်ဝေမှုများလည်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment