Tuesday, May 30, 2023

သွေးလွန်တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးအမျိုးအစား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုအပ်


နေပြည်တော် မေ ၂၉

ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀၂၃) ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း ၄၀၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံး ဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ အသက် (၁၅) နှစ် အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှု များပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၁၅၁၃၁ ဦး၊ သေဆုံးသူ ၆၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသူ ၅၄၄၆ ဦး၊ သေဆုံးသူ ၃၆ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားသူ ၂၄၉၇၁ ဦး၊ သေဆုံးသူ ၉၇ ဦးရှိခဲ့ပြီး နှစ်စဉ် ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် ၀ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း။

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိ ရကြောင်း။

သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ် ဆေးများမရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန် လိုပါကြောင်း၊ ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်း နှိမ်နင်း ခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်း ကျောင်းသူ ကျောင်းသားများဖြစ်သည့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျားလောက်လမ်း ကင်းစင်ကျောင်း များ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာများတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၏ ကူညီပံ့ပိုးမှု၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုများ လိုအပ်ပါကြောင်း။

သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့် Abate (ပိုးလောက်လမ်း သေဆေး)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ပညာပေးဗီနိုင်း၊ လုပ်ငန်းလမ်းညွှန် စာအုပ်များနှင့် ခြင်ဆေးဖျန်းစက် (Thermal Fogging Machine)များနှင့် ကုသရေးဆိုင်ရာဆေးဝါး များကို အကျိုးရှိထိရောက်စွာ အသုံးချရန် လိုအပ်ကြောင်း။

သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ကုသရေးများတွင် အရေးပါသည့် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး အမျိုးအစား စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)မှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိ မှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီး ဌာနများနှင့် မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment