Monday, May 29, 2023

ကြိုတင်ပြင်ဆင် ရင်ဆိုင်ကျော်လွှား အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ

 



အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ စတင်ဝင်ရောက်ပြီဖြစ်ကြာင်း မိုး/ဇလက ကြေညာ ထားသည်။ အနောက်တောင်မုတ်သုံလေသည် မေ ၂၉ ရက်မှ ဇွန် ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ ဇွန် ၃ ရက်မှ ၆ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ဇွန် ၇ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အသီးသီးဝင်ရောက် မည်ဟု မိုး/ဇလက ခန့်မှန်းထုတ်ပြန်ထားသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် မုတ်သုံလေသည် လွန်စွာအရေးကြီးသည်။ အချိန်မှန် ရောက်ရှိလာသည့် အနောက်တောင်မုတ်သုံလေက သယ်ဆောင်လာသော မိုးရေကို အမှီပြု၍ နိုင်ငံ၏အသက်သွေးကြောဖြစ်သောစပါးကို စိုက်ပျိုးကြရခြင်းဖြစ်ရာ မုတ်သုံလေဝင်ရောက်လာမည့်အချိန်ကို မျှော်ကြရသည်။ ယခုနှစ် မုတ်သုံရာသီအစ၏ ထူးခြားချက်မှာ ကမ္ဘာ့ဒေသအသီးသီးတို့၏ ရာသီဥတုများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည့် အယ်နီညိုအခြေအနေ ဖြစ်ပေါ် နေခြင်းဖြစ်သည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံ ပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇွန်လအတွင်း အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုး/ဇလက ကြေညာထားသည်။

အယ်နီညိုသည် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် အပူချိန်များကို မြင့်တက်စေသည်။ ကမ္ဘာ့ဒေသအချို့တွင် မိုးခေါင်မှုဖြစ်စေသလို မိုးသည်း ထန်စွာ ရွာသွန်းမှုများကိုလည်း ဖြစ်ပေါ်စေသည်။ မိမိတို့နိုင်ငံတွင် အယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုး/ဇလက ကြေညာထားရာ ရာသီအလိုက် စိုက်ပျိုးကြရမည့်သူများအနေဖြင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေတို့အတွက် ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်သည်။ အယ်နီညိုဖြစ်စဉ်သည် လွန်ခဲ့သည့် သုံးနှစ်ဖြစ်သော ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့သည် အယ်နီညို၏ ဆန့်ကျင်ဘက် ဖြစ်စဉ်ဖြစ်သော လာနီညာဖြစ်ပေါ် ခဲ့သည့် နှစ်များဖြစ်သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လျက်ရှိရာ အပူချိန်လျော့ကျပြီး စွတ်စိုသည့်သဘာဝရှိသော လာနီညာကြောင့်သာ ပြီးခဲ့သောသုံးနှစ်အတွင်း ကမ္ဘာ့အပူချိန်စံချိန်တင် မြင့်တက်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ပြောခဲ့ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကာလကြာရှည်စွာ မိုးခေါင်မှုဖြစ်ပွားခဲ့ပြီး စိုက်ပျိုးသီးနှံများပျက်စီးကာ စားနပ်ရိက္ခာရှားပါးမှုနှင့် သောက်သုံးရေပြတ်လပ်မှုတို့ ဖြစ်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ကလေးငယ်များ အာဟာရပြည့်ဝစွာ မစားရမှုကြောင့် ရောဂါဘယဖြစ်ပွားမှုတို့ မြင့်တက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံအချို့တွင်မူ ပုံမှန်မဟုတ်ဘဲ ရက်ကြာရှည်စွာ ပြင်းပြင်း ထန်ထန် မိုးရွာသွန်းမှုဖြစ်ခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှု၊ ရွှံ့ပြို မြေပြိုမှုများဖြစ်ပေါ်ကာ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်ကိုလည်း တွေ့ရသည်။ အဆိုပါ ဖြစ်စဉ်များကို လေ့လာခြင်း အားဖြင့် ပြင်းထန်သည့် အယ်နီညိုဖြစ်စဉ်များကို ကြိုတင် ကာကွယ်နိုင်ရန် အရန်စားနပ်ရိက္ခာ သိုလှောင်ခြင်း၊ သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် သောက်သုံးရေသိုလှောင်မှုများ ပြုလုပ်ခြင်းတို့ဖြင့် ကျော်လွှားကြရမည်ဖြစ်သလို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အပူလျှပ်ခြင်းရောဂါတို့ကဲ့သို့ ရောဂါများ ကြိုတင်ကာကွယ်ရန် အသိပညာဖြန့်ဝေမှုတို့ ပြုလုပ် ကြရမည်ဖြစ်သည်။

ယခုနှစ် ဒုတိယခြောက်လအတွင်း ပိုမိုပြင်းထန်လာဖွယ်ရှိသည့် အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စားနပ်ရိက္ခာ ရှားပါးမှုမဖြစ်စေရန်အတွက် ဒေသတွင်း နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံတို့က အရန်ဆန်များ ဝယ်ယူဖြည့်တင်းလျက်ရှိရာ ဆန်ဝယ်လိုအား မြင့်တက် လျက်ရှိသည်ဟုလည်း သတင်းအချို့တွင် တွေ့ရှိရသည်။ မိုးလေဝသနှင့်ရာသီဥတု ဖြစ်စဉ်များဆိုသည်မှာ တားဆီး၍မရနိုင်ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဘက်စုံထောင့်စုံမှ ဝါယမစိုက်ထုတ်ကာ သတိ၊ ပညာတို့ဖြင့် စုပေါင်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment