Thursday, April 6, 2023

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနား တက်ရောက်အားပေး

 


ရန်ကုန်    ဧပြီ   

မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ကြီးအမှူးပြုသည့်   ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးသန်းဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ       အာဆီယံနိုင်ငံသံရုံးများမှသံတမန်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဧည့်ပရိသတ်များ က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးနှင့် သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ထိုင်းသံအမတ်ကြီးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်အား    ရေသပ္ပာယ်ကာဒင်္ဂါးများ ကပ်လှူပူဇော်ကြပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသော ထိုင်းရိုးရာအစားအစာ ဆိုင်ခန်းများ၊   သဲပုံစေတီနှင့် ပိုက်ကျော်ခြင်း သရုပ်ပြကစားနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran)အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ထိုင်းသံအမတ်ကြီး၊ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံတွင် ရောက်ရှိ နေကြသည့် ထိုင်းနိုင်ငံသားများက ထိုင်းရိုးရာ သင်္ကြန်ရေအေးဖြင့် အပြန်အလှန် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကမြနန္ဒာသီချင်းဖြင့် သီဆိုပြီး ထိုင်းရိုးရာယဉ်ကျေးမှုအဖွဲ့က တွဲဖက်ကပြ ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာသင်ကြားနေသော မြန်မာကျောင်းသူများက ထိုင်းရိုးရာအကဖြင့် ကပြဖျော်ဖြေမှုကို လည်းကောင်း၊ ထိုင်းနိုင်ငံမှ အဆိုတော်က ထိုင်းတေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှုကို ပြည်ထောင်စုဝန်ကြီးနှင့်   အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက    ကပြဖျော်ဖြေခဲ့သူများကို ဂုဏ်ပြုပန်းစည်းလက်ဆောင် ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ထိုင်းသံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့်    ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran)အခမ်းအနားသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသသကဲ့သို့ နှစ်နိုင်ငံအကြား လူမှု၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို    ပိုမိုမြှင့်တင်သွားနိုင်မည်ဖြစ်သည်။                                 

သတင်းစဉ်

No comments:

Post a Comment