Saturday, April 29, 2023

နေပြည်တော်ရှိ Sinma Living Mall ၌ လျှပ်စစ်သုံးယာဉ်များကို အများပြည်သူများ လေ့လာဝယ်ယူနိုင်ရန် ပြသလျက်ရှိ

 



နေပြည်တော် ဧပြီ ၂၈

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသို့ တင်သွင်းရောက်ရှိပြီးဖြစ်သည့် လျှပ်စစ်သုံးယာဉ်များကို အများပြည်သူများလေ့လာနိုင်ရန်နှင့် မျက်မြင်ကြည့်ရှုပြီး ဝယ်ယူနိုင်ရန်အတွက် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိလမ်းနှင့် ဇေယျဌာနီလမ်းထောင့်ရှိ Sinma Living Mall EV Mall အဖြစ် ပြသလျက်ရှိသည်။

အဆိုပါ Sinma Living Mall ရှိ EV Mall ၌ နိုင်ငံတကာထုတ် EV ယာဉ် အမျိုးအစားများအနက် ကုမ္ပဏီခုနစ်ခုမှ Brand ၁၁ မျိုး ကားအစီးရေ ၁၂ စီး ပြသထားပြီး လျှပ်စစ်သုံးယာဉ်အမျိုးအစား အသစ်များရောက်ရှိလာပါကလည်း ထပ်မံထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း EV Mall တာဝန်ခံ ကိုနောင်နောင်ဝင်းက ပြောသည်။

“EV Mall ဆိုတာက နိုင်ငံတကာမှာ ရှိပြီးသား ဖြစ်တဲ့ Auto Mall တွေလိုပဲ လျှပ်စစ်သုံးမော်တော်ယာဉ် တွေကို ပြည်သူတွေအနေနဲ့ တစ်နေရာထဲမှာ တစုတစည်းတည်း ကြည့်ရှုလေ့လာဝယ်ယူနိုင်ဖို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ရဲ့ လမ်းညွှန်ချက်နဲ့အတူ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ EV Mall မှာ လာရောက်ဝယ်ယူသူတွေကို One Stop Service အနေနဲ့ ကားဝယ်ယူချိန်ကနေစပြီး လက်ဝယ်အပ်နှံတဲ့အထိ ဆောင်ရွက်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

လျှပ်စစ်သုံးယာဉ်များ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတွင် ဈေးနှုန်းမြင့်မားမှုနှင့် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရမည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ရှိနေဆဲဖြစ်သော်လည်း နည်းပညာတိုးတက် လာသည်နှင့် ဘက်ထရီသိုလှောင်နိုင်စွမ်းအား ကောင်းမွန်လာခြင်း၊ ဘက်ထရီသက်တမ်း ပိုရှည်လာခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာအားသွင်းနိုင်ခြင်း၊ လောင်စာဆီသုံးစွဲရသည့်စရိတ်နှင့် နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အားဖြည့်ရန် ကုန်ကျစရိတ်မှာ သိသိသာသာ လျော့နည်းသက်သာခြင်း၊ ပြင်ဆင် ထိန်းသိမ်းစရိတ်များ ပိုမိုသက်သာခြင်းတို့သည် လျှပ်စစ်သုံးယာဉ်များ၏ အားသာချက်များဖြစ်သည့် အပြင် ဘက်ထရီနည်းပညာတိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းများကျလာနိုင်သည့် အနေအထား လည်း ရှိလာနိုင်ကြောင်း သိရသည်။

“EV Mall မှာ လျှပ်စစ်သုံးယာဉ် အမျိုးအစားပေါင်းစုံထုတ်လုပ်တဲ့နိုင်ငံစုံက လျှပ်စစ်သုံးယာဉ်တွေကို ပြသရောင်းချပေးနေတာ ဖြစ်ပါတယ်။ အမျိုးအစား အလိုက် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေအနေနဲ့ Authorized Distributor တွေဖြစ်လို့ After Sale Service ကို သက်ဆိုင်ရာ ကားအမျိုးအစားများ အလိုက် ပြည်ပသင်တန်းတွေ တက်ရောက်ပြီး ပြန်လာသူတွေက ပြင်ဆင်ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး Spare Parts တွေကိုလည်း အမျိုးအစားအလိုက် သူ့ပစ္စည်းနှင့်သူ မှာယူထားရှိပြီး ဖြစ်တဲ့အတွက် အသုံးပြုသူပြည်သူတွေအနေနဲ့ စိတ်ပူစရာမလိုပါဘူး” ဟု EV Mall တာဝန်ခံ ကိုနောင်နောင်ဝင်းက ပြောသည်။

ယခုကဲ့သို့ EV Mall ဖွင့်လှစ်ရောင်းချခြင်းကြောင့် ပြည်သူများအနေဖြင့် EV ကားအမျိုးအစားများကို ကုမ္ပဏီတစ်ခုစီ သွားရောက်ကြည့်ရှုစရာမလိုဘဲ တစ်နေရာတည်းတွင် ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းတွင်လည်း မြန်မာနိုင်ငံ၏ Automotive Industry တိုးတက်မှုကို ပြသရာရောက်ကြောင်း၊ စိတ်ဝင်စားသည့်ပြည်သူများ အနေဖြင့် နေပြည်တော်ရှိ Sinma Living Mall ၌ နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ပြသလျက်ရှိရာ စိတ်ကြိုက်လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်း - ဟိန်းမင်းစိုး၊ အောင်ရဲသွင်

ဓာတ်ပုံ - ကိုကိုအေး

No comments:

Post a Comment