Saturday, April 29, 2023

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လျှပ်စစ်သုံးယာဉ်များအတွက် လိုင်စင်ထုတ်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း

 



ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံများသည် တွင်းထွက်လောင်စာ ဆီသုံးစွဲမှုများအစား လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ဟိုက်ဒရိုဂျင်နှင့် ဇီဝလောင်စာ စသည်တို့ဖြင့် အစားထိုးသုံးစွဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအင်အသုံးပြု မောင်းနှင်သည့်ယာဉ်များ ထုတ်လုပ် အသုံးပြုခြင်း နည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မိမိတို့ နိုင်ငံတွင်လည်း လျှပ်စစ် စွမ်းအင်အသုံးပြုမောင်းနှင်သည့် ယာဉ်များ အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ အောက်ရှိ လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းထားရှိ၍ ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီမှ စီစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လျှပ်စစ်သုံးယာဉ်များအတွက် လိုင်စင်ထုတ်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်စေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှု များကို ဖော်ပြလိုက်ပါသည်။

ဦးရန်နိုင်လွင်(ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန)

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီအောက်မှာ လုပ်ငန်းကော်မတီငါးခုနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်တွေအနေနဲ့ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေကို ပြည်တွင်း၊ ပြည်ပမှပိုမိုရင်းနှီး မြှုပ်နှံနိုင်ရေး ဦးစားပေးမြှင့်တင်တဲ့ ရင်းနှီးမြှုပ်နှံသူကဏ္ဍမှာ ထည့်သွင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်း၊ တည်ဆဲဥပဒေတွေ၊ မူဝါဒတွေမှာ ဦးဆောင် ကော်မတီက အတည်ပြုချမှတ်ထားတဲ့ တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုဆိုင်ရာ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီလိုက်နာဆောင်ရွက်နိုင်ရေး တိကျတဲ့ ညွှန်ကြားချက်တွေနဲ့ အသိပေး ခြင်း၊ လျှပ်စစ်သုံးယာဉ်အပါအဝင် ဘက်ထရီအားသွင်းစက်များ၊ ဆက်စပ်ပစ္စည်းများနဲ့ စပ်လျဉ်းပြီး ဦးဆောင်ကော်မတီက အတည်ပြုချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီခွင့်ပြုချက်နဲ့ လျှပ်စစ်သုံး ယာဉ်တင်သွင်းတဲ့ ကုမ္ပဏီတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ တင်သွင်း ခွင့်ပြုနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကနဦးစီမံကိန်းကာလအတွင်း ပြည်ပက လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သတ်မှတ် တဲ့ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူတွေ မနစ်နာစေရေး အတွက် လျှပ်စစ်သုံးယာဉ်တင်သွင်း တဲ့ ကုမ္ပဏီတွေကို ပင်ရင်းကုမ္ပဏီ ကနေဖြစ်စေ၊ Regonial Office ကနေဖြစ်စေ Dealership/ Distrubutorship ခန့်အပ်ခြင်းကို ဆောင်ရွက်ခြင်း၊ ဝယ်ယူသုံးစွဲသူ ပြည်သူတွေအတွက် Saleservice & Spare Parts (3S)နဲ့ အာမခံ ဆောင်ရွက်နိုင်တဲ့ အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်စေခြင်း၊ အရောင်းပြခန်းဖွင့်လှစ်ခြင်း ရှိ/မရှိကို မြေပြင်စစ်ဆေးရေးအဖွဲ့နဲ့ စိစစ်ခြင်းနဲ့ အရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုခြင်းကို ဆောင်ရွက် လျက်ရှိတဲ့အပြင် အရောင်းပြခန်း ဖွင့်လှစ်ခြင်းဆိုင်ရာ စည်းကမ်းချက်ကို အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၁)ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒီစည်းကမ်းချက်မှာ အဓိက အချက်ဖြစ်တဲ့ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို သတ်မှတ် ထားတဲ့ အရောင်းပြခန်းနဲ့ သိုလှောင်ရုံမှာ ထားရှိရမယ်လို့ ဖော်ပြထားပြီး အရောင်းပြခန်းမှအပ အခြားနေရာတွေမှာ ပြသထားခြင်း ဆောင်ရွက်မယ်ဆိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှာ သီးခြားခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒေါ်ခိုင်ဇာခြည်လင်း

(ဒုတိယ ညွှန်ကြားရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆယ်သွယ်ရေး ဝန်ကြီးဌာန)

ရန်ကုန်လိုင်စင် ရယူချင်တယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုနိုင်မှုအပေါ်မူတည်ပြီး တစ်နှစ်မှာ လျှပ်စစ်သုံး မော်တော်ယာဉ် စီးရေစုစုပေါင်း ၁၀၀၀၀ ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်နံပါတ်နဲ့ မှတ်ပုံ တင်ချင်တယ်ဆိုရင် ယာဉ်ဟောင်း အပ်နှံစလစ်(ပုံစံ- )တင်ပြဖို့ လိုအပ်ပါတယ်။ အခု ၂၀၂၃ ခုနှစ် Pilot Projet ကာလမှာ EV Taxi ယာဉ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးနေရာမှာ စီးရေခွဲပြီး မှတ်ပုံတင်ခွင့် ပြုထားပါတယ်။ ဒီ EV Taxi ယာဉ်တွေအနက် ရန်ကုန် မြို့အတွင်းမှာ Taxi ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့ တင်သွင်းခွင့်ပြုထားတဲ့ EV Taxi ယာဉ်တွေကို တော့(ပုံစံ-) စလစ်မလိုအပ်ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

မန္တလေး၊ နေပြည်တော်တို့မှာ Taxi ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မယ့် EV Taxi တွေကတော့ သက်ဆိုင်ရာ မန္တလေး၊ နေပြည်တော် နံပါတ်တွေနဲ့သာ မှတ်ပုံတင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီတွေက ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ Taxi ယာဉ်တွေအနက် ရန်ကုန်လိုင်စင် လိုချင်တယ်ဆိုရင်စလစ်လိုအပ်မှာ ဖြစ်ပါတယ်။ ထို့အတူ ကျန် EV Taxi EV ကိုယ်ပိုင် လူစီး ယာဉ်တွေ၊ EV ခရီးသည်တင်ယာဉ် တွေနဲ့ EV Delivery ယာဉ်တွေ အားလုံးအတွက်လည်း(ပုံစံ-) စလစ် တင်ပြမှသာ ရန်ကုန်လိုင်စင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုလျော့နည်းစေရေးနဲ့ အတည်ပြုထုတ်ပြန်ပြီးဖြစ်တဲ့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပါ ၂၀၅၀ ပြည့်နှစ်မှာ လျှပ်စစ် သုံးယာဉ်အသုံးပြုမှု ၁၀၀ ရာခိုင် နှုန်း ဖြစ်စေရေးမျှော်မှန်းချက်အရ လောင်စာဆီသုံးယာဉ် တစ်စီး အပ်နှံပြီး ရန်ကုန်လိုင်စင် EV ယာဉ် တစ်စီး အစားထိုးမှတ်ပုံတင်ပေးမှ သာ မျှော်မှန်းချက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်နဲ့ မှတ်ပုံတင်မယ့် မော်တော်ယာဉ်တွေ (ပုံစံ-) စလစ်တင်ပြဖို့ လိုအပ်တာကလည်း အရင် ၂၀၁၈ ခုနှစ် ကတည်းက ကျင့်သုံးခဲ့တဲ့ လုပ်ငန်း စဉ်အတိုင်းပဲ မပြောင်းမလဲ ဆက်လက်ကျင့်သုံး ဆောင်ရွက် နေခြင်းကြောင့် ဖြစ်ပါတယ်။

လျှပ်စစ်သုံးယာဉ်တွေကို ပဲခူးလိပ်စာနဲ့ မှတ်ပုံတင်ဆောင်ရွက်မယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်(ပုံစံ- )တင်ပြရန် မလိုအပ်ပေမယ့် အမည်၊ နေရပ် လိပ်စာ မှန်ကန်စေရေးအတွက် ပဲခူးမှာ အမှန်တကယ်နေထိုင်ခြင်း ရှိမှသာ ပဲခူးလိုင်စင် ခွင့်ပြုထုတ်ပေး သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ် နေထိုင်သူတွေ အနေနဲ့ EV ယာဉ်တွေကို စလစ် (ပုံစံ-)မတင်ပြဘဲ အမှန်တကယ်နေထိုင်တဲ့ လိပ်စာနဲ့မှတ်ပုံတင် ဆောင်ရွက်မယ်ဆိုရင် ရန်ကုန် တိုင်းဒေသကြီး မှတ်ပုံတင်ရုံးတွေနဲ့ ပဲခူးတိုင်းဒေသကြီးမှအပ ပိုင်ရှင်ဆန္ဒပြုတဲ့ မှတ်ပုံတင်ရုံးမှာ အထောက်အထားတောင်းခံခြင်း မပြုဘဲ မှတ်ပုံတင်ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ 

No comments:

Post a Comment