Saturday, April 29, 2023

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်းတို့ကို လက်ခံစစ်ဆေးဆောင်ရွက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



နေပြည်တော် ဧပြီ ၂၈

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်းတို့ကိုလက်ခံစစ်ဆေး ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်းများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများအပါအဝင် ပြည်သူ များနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်း၊ နည်းပညာနှင့် အသိပညာပေးလုပ်ငန်း အပါအဝင် ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လယ်ယာမြေ ဥပဒေပါ သိရှိသင့်သည့် အချက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များကို ထဲထဲဝင်ဝင် သိရှိလိုက်နာနိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေဥပဒေနှင့်ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မသိနားမလည်ခြင်းကြောင့်ဖြစ်စေ၊ အလိုလောဘကြောင့် အငြင်းပွားခြင်းဖြစ်စေ ဖြေရှင်းဆောင်ရွက်ပေးကြရသည့် လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့ဝင်များအနေဖြင့် တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ၊ ဗဟုသုတများအား အချင်းချင်း မျှဝေအသိပညာဖလှယ်ကြပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံ ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမြဲအမိန့်၊ ညွှန်ကြားချက်များနှင့်ပတ်သက်သော အသိပညာဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန်များကို မိမိလက်အောက်ရှိ ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တောင်သူလယ်သမားများနှင့် အများပြည်သူများအား ဆက်လက်ဖြန့်ဝေ ညွှန်ကြားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များမှ တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်းများအား လက်ခံစစ်ဆေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကို ဒေသအလိုက်၊ လုပ်ငန်းအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ လယ်ယာမြေ ဥပဒေဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ပြီးဖြစ်သော်လည်း လယ်ယာမြေ အငြင်းပွားမှုကိစ္စများ၊ လယ်ယာမြေပေါ်မှာ လိုက်နာရမည့်ကိစ္စများနှင့် ပတ်သက်သော ဆန်းစစ်ချက်များအရ တောင်သူလယ်သမားများ၊ ပြည်သူများ၊ ဌာနဆိုင်ရာများ အနေဖြင့် နားလည်သဘောပေါက်ရန် လိုအပ်ချက်များ ရှိနေသေးသည်ကို လေ့လာတွေ့ရှိရသဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန်နှင့်လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့်လိုအပ်သည့် ညှိနှိုင်းထုတ်ပြန် ချက်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment