Tuesday, April 18, 2023

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန် ပြုလုပ်ခဲ့သူ PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိ

 



နေပြည်တော် ဧပြီ ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိချနေလား၏ စေခိုင်းချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာနေ အာကာမင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ အောင်မျိုးထက်တို့ ၂ ဦးသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန်အတွက် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ပြီး ရေကစားမဏ္ဍပ်အနီး၌ အခြေအနေစောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အာကာမင်းကလက်ပစ်ဗုံးအား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန်ထုတ်ယူစဉ် လက်ပစ်ဗုံး၏လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ကျန်ရှိခဲ့သဖြင့် လက်ပစ်ဗုံးကို လမ်းဘေးရေမြောင်းအတွင်းသို့ ထိတ်လန့်စွာဖြင့်လွှင့်ပစ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါအကြမ်းဖက် သမား ၂ ဦးအား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာရှိလျှိုအတွင်း၌ လက်လုပ်မိုင်း ၃ လုံးသိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၃ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေရာ၌ပင် ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ထို့နောက်အဆိုပါနေရာမှ ပြန်လည်ထွက်ခွာလာစဉ် ဖမ်းဆီးရမိအကြမ်းဖက်သမား ၂ ဦးက ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လန့်ပစ်ခတ်တားဆီးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမား ၂ ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဉပဒေနှင့်အညီ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ရုပ်အလောင်းများအား သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာသုဿာန်၌ ကောင်းမွန်စွာမီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment