Tuesday, April 18, 2023

မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာ တို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ အများအပြား ဖော်ထုတ်သိမ်းဆည်းရမိ


နေပြည်တော် ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီးကျေးရွာတို့အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင်အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိဒေသခံများ ကျေးရွာသူ၊ ကျေးရွာသားများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အလစ်အငိုက်ဝင်ရောက်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် သတင်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မကြီးကန်ကျေးရွာအားဝင်ရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ၌ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူအမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၀ ဦးကိုလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ခေတ္တထိန်းသိမ်းထားရှိခဲ့ပြီး မကြီးကန်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်းအတွင်းမှ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံး သီး ၃ လုံး၊ ကျည်မျိုးစုံ ၇၈၀ တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများအပါအဝင် ယူနီဖောင်းမျိုးစုံ ၅၃ စုံ၊ ကျည်ကာအင်္ကျီ ၂ ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခိုကျင်း ၁ ခု၊ မော်တော်ယာဉ်မျိုးစုံ ၃ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၅ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ကန်ကြီးကျေးရွာအတွင်းသို့ဝင်ရောက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးခြင်းများနှင့် ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာအခြေခံပညာမူလတန်း ကျောင်းအတွင်းမှလက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ Nissan အမျိုးအစားမော်တော်ယာဉ် ၁ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၁၅ စီးတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက် သမားများခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment