Tuesday, April 18, 2023

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ညစာဖြင့်တည်းခင်းဧည့်ခံ

 



နေပြည်တော် ဧပြီ ၁၈

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိမြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။


ညစာစားပွဲသို့ မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြပြီးရုရှား Bloggers အဖွဲ့ခေါင်းဆောင်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းအတွင်းရေးမှူး Mr. Seferov Rushen နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခရီးစဉ်နှင့်ပတ်သက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရုရှားနိုင်ငံ Bloggers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံ Bloggers အဖွဲ့ခေါင်းဆောင် Mr. Seferov Rushen ကို အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။

အဆိုပါ ရုရှား Bloggers အဖွဲ့သည် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၏ စီစဉ်မှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှား Bloggers အဖွဲ့တွင် ရုရှားနိုင်ငံမှ ရုပ်ရှင်၊ ဂီတ၊ ဒီဇိုင်နာ၊ ပန်းချီနှင့် မီဒီယာပညာရှင်များပါဝင်ပြီး မြန်မာနိုင်ငံသို့ ဧပြီ ၁၂ ရက်တွင် စတင်ရောက်ရှိခဲ့ကာ နိုင်ငံအတွင်းရှိရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်စသည့် မြို့များရှိအထင်ကရနေများအား လေ့လာကြည့်ရှုခြင်း၊ မြန်မာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သွားရောက်ခဲ့ သည့် မြန်မာနိုင်ငံ၏အထင်ကရနေရာများနှင့် အတာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲခဲ့မှုများကို ၎င်းတို့နိုင်ငံရှိ Online Website များ၌လွှင့်တင်ခြင်းများနှင့် ထုတ်လွှင့်ခြင်း များဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အစားအသောက်များ၊ မြန်မာနိုင်ငံ၏ရှုခင်းအလှအပများကို ရုရှားပြည်သူများ ပိုမိုသိရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ရုရှား Bloggers အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုသာမက ပြည်သူများ အကြားချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုး တက်ခိုင်မာ စေမည်ဖြစ်သကဲ့သို့ ခရီးသွား လုပ်ငန်းများ တိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment