Wednesday, April 12, 2023

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်း

 

နေပြည်တော် ဧပြီ ၁၁

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အနီးတွင် အခြေခံစခန်းတည်ဆောက်၍ စစ်ကိုင်းတိုင်းဒေသကြီးနေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများ အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီးကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အား မထောက်ခံသည့် သာသနာ့နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ် ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ ဆရာမ ၂၆ ဦး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ခုနစ်ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါး သေဆုံးခဲ့ရသည်။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ငါးရုံ၊ ရုံးဌာန အဆောက်အအုံ ၁၉၀၊ ဘုန်းကြီးကျောင်း ၂၀ နှင့် လူနေအဆောက်အအုံ ၂၆၄ လုံး ဖျက်ဆီးခံခဲ့ရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လက်ရဲဇက်ရဲဖြင့် ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့အတင့်ရဲစွာ လုပ်ဆောင်လာပြီး ဒေသခံပြည်သူများအပေါ် အကြောက်တရားဖြင့် ဖိနှိပ်မှုများပြုလုပ်လာခဲ့ကာ မတ် ၃၀ ရက်တွင် ကန့်ဘလူမြို့နယ် ပေါက်ကုန်း ကျေးရွာ၌ အပြစ်မဲ့ပြည်သူ ကိုးဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ပွဲခံမှုများ ပြုလုပ်ခဲ့သည်။ ၎င်းအကြမ်းဖက်သမားများအနေဖြင့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတွင် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG ရုံးအဖြစ် တည်ဆောက်၍ ဧပြီ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့က အချိန်နှင့်နေရာအား တိကျစွာ သတင်း ပေးပို့လာခဲ့သည်။

သတင်းပေးပို့ချက်အရ ကျေးရွာနှင့် အကွာအဝေးကို တွက်ချက်ကာ အပြစ်မဲ့ပြည်သူများ မထိခိုက်စေရေး တပ်မတော်အနေဖြင့် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့ရာ PDF ခေါင်းဆောင်သန့်ဇင်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ၎င်းတို့အဆောက်အအုံ ဖွင့်ပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများ ထပ်မံပေါက်ကွဲ မှုကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ချိန်တွင် ဒေသခံကျေးရွာသူ ကျေးရွာသားများအား လူသား တံတိုင်းသဖွယ် အကာအကွယ်ရယူခြင်း၊ ဓားစာခံအဖြစ်အသုံးချခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်းတို့၏လှုပ်ရှားမှုများတွင်လည်း ကျေးရွာမိသားစုများကို အတင်းအဓမ္မ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိကာ ရွာသားများ ထိခိုက်သေဆုံးမှုရှိပါက တပ်မတော်အပေါ် မီဒီယာအရ ဝါဒဖြန့်မှု များဖြင့် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင် လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေးစစ်ဆင်ရေးများအား ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပြဋ္ဌန်းချက်များနှင့်အညီ ထုတ်ပြန်ထား ရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment