Wednesday, April 12, 2023

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်းမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

 


ပထမဦးဆုံးကတော့ ဒီကန့်ဘလူဒေသ ပဇီကြီးကျေးရွာနဲ့ပတ်သက်ပြီးတော့ နောက်ခံအခြေအနေကို သိထားဖို့လိုပါတယ်။ ဒီနှစ်မတ်လပိုင်းက ပဇီးကြီးကျေးရွာဥက္ကဋ္ဌကို PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက စွပ်စွဲပြီးတော့သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်။ ပြီးရင်ပဇီကြီးကျေးရွာမှာ တစ်ရွာလုံးကိုခြိမ်းခြောက်ပြီး PDF အဖြစ်ခိုင်းတဲ့ဟာတွေရှိတယ်။ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့တွေကိုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာတော့ NUG/CRPH အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ လှုံ့ဆော်နေတာတွေလည်း တွေ့ရလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တချို့သော ကျေးရွာတွေမှာ ခုနပြောတဲ့ သူတို့အကြမ်းဖက်ကိုပဲအမည်ခံထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လိုဟာမျိုးတွေ ပြီးရင်တော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးတွေဖွင့်ဖို့ လှုံ့ဆော်နေတာတွေရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာရှိပါတယ်။ အခုဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘုန်းကြီးတွေ၊ ရဟန်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ပြီးရင်အပြစ်မဲ့ပြည်သူ လူထုကိုစွပ်စွဲသတ်ဖြတ်တာ အများဆုံးဒေသဖြစ်ပါတယ်။ ပြီးရင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပဲ သူတို့ကို မထောက်ခံတဲ့သူတွေ၊ သူတို့ကို မထောက်ခံတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာလည်း အများဆုံးဖြစ်ပါတယ်။

ဒီမနက်ဖြစ်စဉ်မှာတော့ မနက် ၈ နာရီလောက်မှာ အဲဒီပဇီကြီးကျေးရွာမှာ NUG/CRPH အမည်ခံအဖွဲ့ သူတို့ပြောနေတဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာလုပ်ပါတယ်။ ပြီးရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတဲ့ဟာလုပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။

တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ကျွန်တော်တို့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေ သေဆုံးတယ်ဆိုတာလည်း ကျွန်တော်တို့သိရပါတယ်။ ဒါပြောရမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့အရင်တုန်းကအတိုင်း ပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေတော်တော်များများဟာ ယူနီဖောင်းတွေနဲ့ ပုံတွေလည်းဖြစ်ပါတယ်၊ တချို့လည်းအရပ်ဝတ်နဲ့ ပုံပါချင်ပါမှာပေါ့။ ဒါတွေကတော့ သူတို့အနေနဲ့ကတော့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့သေဆုံးသွားတယ်ဆိုရင် အရပ်သားသေဆုံးတယ်လို့ပြောတယ်။ သူတို့အောင်ပွဲရရင်တော့ PDF ပါဆိုပြီး ပြောတဲ့ဟာတွေရှိပါတယ်။ ဒီလိုစွပ်စွဲချက်တွေကတော့ ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်တို့ မြေပြင်သတင်းမှာလည်း ရရှိတဲ့သတင်းအရ ဒါဟာကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတစ်ခုတည်းကြောင့် ဖြစ်သွားတာမဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲဒီအဖွဲ့တွေအနေနဲ့ အဲဒီနေရာလေးတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့ကနေအသုံးပြုနေတဲ့ မိုင်းတွေထောင်ထားတာတွေရှိတယ်။ ပြီးရင် PDF အဖွဲ့အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့နေရာရှိတယ်။ အဲဒီနေရာတည့်တည့်ကို ကျွန်တော်တို့ လက်နက်ထိမှန်တဲ့အတွက်ကြောင့်မို့လို့ ပေါက်ကွဲပြီးတော့ သေဆုံးသွားတယ်ဆိုတာ ကိုလည်း ကျွန်တော်တို့ သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ ဒီ PDF အမည်ခံအဖွဲ့တွေဟာ မြေပြင်လုပ်ဆောင်နေတာတွေဟာ တကယ့် စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ မြေပြင်မှာ လုပ်ဆောင်နေတာတွေဟာ တကယ့်ရက်စက် ကြမ်းကြုတ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်။ သူတို့ရဲ့လုပ်ဆောင်နေတဲ့ဟာတွေက သူတို့ကို မထောက်ခံတဲ့ရွာ၊ မထောက်ခံတဲ့ရွာတောင်မဟုတ်ဘူး။ ကြားနေတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်တယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကျွန်တော်တို့ မကြာခဏ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ ကျေးရွာတွေမှာရှိတဲ့ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ခံစစ်နေရာအဖြစ်အသုံးပြုတာတွေရှိတယ်။ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားပြီး တချို့နေရာတွေမှာ သဲအိတ်တွေထပ်ပြီး ဘန်ကာသဖွယ်အသုံးပြုနေတဲ့ဟာမျိုး တွေရှိတယ်။ ဒါ့အပြင် သူတို့ရဲ့ပိုပြီး ယုတ်မာမှုက ဘာကိုယုတ်မာလဲဆိုတော့ သူတို့တစ်ခုခု အခမ်းအနားတစ်ခုလုပ်ပြီး သင်တန်းဥပမာပေါ့နော် PDF အကြမ်းဖက်အဖွဲ့ မတက်မနေရ၊ တစ်အိမ်ကိုတစ်ယောက်မတက်မနေရဆိုပြီး ခြိမ်းခြောက်တဲ့အနေနဲ့ တက်ခိုင်းတယ်။ ရက်ပိုင်းမှာ သင်တန်းဆင်းပွဲလုပ်တယ်။ လုပ်ပြီဆိုရင် မဖြစ်မနေအိမ်တိုင်းက မိန်းမတွေ၊ ကလေးတွေပါ ထွက်ပြီးတော့ကျမှ အားပေးဝန်းရံတယ်ဆိုပြီး လုပ်တာတွေတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့တောင်မှ စုံစမ်းစရာမလိုဘူး။ သူတို့ဆီကနေထွက်ပေါ်နေတဲ့ပုံတွေက ကလေးတွေကအစ သေနတ်ကိုင်ထားတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ ကလေးတွေကအစသူတို့ အကြမ်းဖက်အဖွဲ့ကို ကြိုဆိုခိုင်းထားတာတွေ တွေ့ရပါလိမ့်မယ်။ ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ပြောသလို သူတို့ရဲ့လက်နက်ခဲယမ်းတွေ၊ ယမ်းတွေသိုလှောင်ထားတဲ့နေရာ ထိမှန်ခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်မို့လို့ ခုနပြောတဲ့ သူတို့အတင်းဝန်းရံခိုင်းထားတဲ့သူ တွေပေါ့၊ PDF ထောက်ခံသူတွေ၊ ဒါမှမဟုတ် သူတို့ကိုကြောက်လို့ ဝန်းရံနေရတဲ့သူတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့ ရှိကောင်းရှိနိုင်တယ်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်ဗျ။

No comments:

Post a Comment