Wednesday, April 12, 2023

နိုင်ငံ့အကျိုးပြုစေရေး အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ပေး

 


နေပြည်တော် ဧပြီ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့ဗဟိုပြုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အားထားရသည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်သွားရန်၊ နိုင်ငံ့လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများကောင်းစွာ ဖန်တီးပေးနိုင်စေရေးအတွက် သင်တန်းသားများကို သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရေးမှသည် လက်တွေ့ကျွမ်းကျင်မှုနှင့် အမှန်တကယ်တတ်မြောက်မှု စစ်ဆေးခြင်းများ အလေးထားဆောင်ရွက်ရန်၊ ဒေသတွင်းဖွံ့ဖြိုးရေး အထောက်အကူပြု ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဌာနများရှိ လက်တွေ့ခန်းနှင့် အလုပ်ရုံများ၊ ဖူဆယ်အားကစားကွင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ အောင်မြင်ဖြစ်ထွန်းအောင် ပံ့ပိုးပေးမည့် အရည်အချင်းရှိသည့် နည်းပညာရှင်များကို မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး စာကြည့်တိုက်၊ အင်ဂျင်နီယာဌာနများရှိလက်တွေ့ ခန်းများနှင့် အလုပ်ရုံများ၊ ကျောင်းဝင်းအတွင်း လှည့်လည်စစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးမှုသည် အခရာကျသဖြင့် အရည်အသွေးပြည့်ဝသည့် နည်းပညာဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များကို မဟာဗျူဟာစီမံကိန်းနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ နိုင်ငံတော်ရှိရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပျိုးထောင်ပေးသွားရန်၊ ခေတ်မီသင်ကြားသင်ယူမှုနည်းစနစ်များကို ထိရောက်စွာအသုံးပြုရန်၊ နိုင်ငံ့အကျိုးပြုသုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး အလေးအနက်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနများရှိ လက်တွေ့ခန်းများနှင့် ကျောင်းဝင်းအတွင်း လှည့်လည်စစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment