Sunday, April 9, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ခိုအောင်းနေရာယူပြီး အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်နေသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း

 

နေပြည်တော် ဧပြီ ၉

KIA တပ်ရင်း ၁ ရင်းနှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအကြမ်းဖက် လက်နက်ကိုင်အင်အားစုတချို့သည် ရွှေကူမြို့နယ်အတွင်း ဝင်ရောက်နေရာယူပြီး ဒေသခံပြည်သူများအား အနိုင်ကျင့် နှိပ်စက်ခြင်း၊ ရွှေကူ-စီသာ-စီသောင်-အင်ဘာပါ လမ်းကြောင်းအား အသုံးပြု၍ ဗန်းမော်၊ လိုင်ဇာမှတဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်အဖိုးတန် သစ်တော သယံဇာတများ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အမည်ခံအကြမ်းဖက် အဖွဲ့များထံ ပေးပို့မည့်လက်နက်၊ ခဲယမ်း ရောင်းချခြင်းနှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ရန် စီမံဆောင်ရွက်နေကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ကျေးရွာများမှ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အစိုးရပညာရေးယန္တရားအား ရပ်တန့်စေပြီး NUG မှ တရားမဝင် ကျောင်းများ ဖွင့်လှစ်သင်ကြားရန်စီမံနေခြင်းစသည့် လုပ်ရပ်များအပေါ် ကျေနပ်မှုမရှိသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျစုဖွဲ့၍ မတ် ၂၃ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက် အခြေပြုစုဖွဲ့လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။







အကြမ်းဖက်အဖွဲ့များအနေဖြင့် ကျေးရွာများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြုလုပ်ထားသည့် ကွန်ကရစ်ရေသွယ်မြောင်းများအား ဆက်သွယ်ရေးမြောင်းများ အဖြစ်ပြောင်းလဲအသုံးချကာ ပစ်ကျင်းများတူး၍ အခိုင်အမာရွာပုံစံ ခံစစ်စခန်းအဖြစ် လည်းကောင်း၊ မန်ခါးကျေးရွာ တံတားအောက်တွင် သဲအိတ်များအသုံးပြုပြီး ဘန်ကာ တည်ဆောက်၍လည်းကောင်း၊ စီမူလေးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သဲအိတ်များကာရံကာ ခံစစ်ပြင်ဆင်ထား၍လည်းကောင်း တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်များအား အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ ၏ ရွပ်ရွပ်ချွံချွံ ဟန်ချက်ညီညီ ပစ်ကူပစ်အားရယူကာ စနစ်တကျ တိုက်ခိုက် ချေမှုန်းခဲ့သဖြင့် ၎င်းတို့၏လက်နက်/ခဲယမ်း ထောက်ပံ့ရေးနှင့်တရားမဝင်သစ်မှောင်ခို အဓိကဖြတ်သန်းရာ နေရာများဖြစ်သည့် အဆိုပါကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများဖရိုဖရဲဖြင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာများအလိုက် နီးစပ်ရာလူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်ခဲ့ရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ခဲယမ်း မျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ စပ်ဆက်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန် ကျေးရွာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အကြမ်းဖက်သမားများ၏ တရားမဝင် သစ်တော သယံဇာတများ ပို့ဆောင်ခြင်း၊ လက်နက်/ခဲယမ်းများ အား လိုင်ဇာဒေသမှ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်ခြင်းနှင့်စစ်ကိုင်းတိုင်းအတွင်းမှ အကြမ်းဖက်သင်တန်းသားများ လိုက်ဇာဒေသသို့ ပို့ဆောင်ခင်းများ လုပ်ဆောင်လျက်ရှိသည့် ဆက်သွယ်မှုလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့သည့်အပြင် KIA တပ်မဟာ(၈)နယ်မြေ ဒါးဝယ်သို့ တရားမဝင်ဆက်သွယ်သည့် လမ်းကြောင်းကိုလည်း ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

သိမ်းဆည်းရမိသော အထောက်အထားများအရ KIA အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် မန်ကံဒေသ၌ တပ်မတော်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် ပြိုကွဲသွားခဲ့သည့် KIA ရင်း(၁၂)ဟု သိရှိရပြီး ရွှေကူမြို့နယ်အတွင်း အခြေခံနယ်မြေတည်ဆောက်ရန် ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment