Sunday, April 9, 2023

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများ စုဝေးမည့်နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Special Task Agency - STA အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်း လက်ဦးမှုရယူ ဖမ်းဆီးရမိ

 


နေပြည်တော် ဧပြီ ၉

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင်အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

 




ထို့အပြင် PDF  အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့်  နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အပြစ်မဲ့ပြည်သူများအား အေးချမ်းပျော်ရွှင်စွာရေကစားမှုကို နှောင့်ယှက်ဖျက်ဆီးရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် ရေကစားမဏ္ဍပ်ပြုလုပ်မည့်နေရာများတွင် ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာသတင်းပေးပို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများအား ကြိုတင်သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ရွှေလှိုင်လမ်းရှိ အိမ်အမှတ်(၈၀)၌ Special Task Agency - STA အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဇော်ထက်အောင်(ခ)ညီညီ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး(အရှေ့)ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ တိုက်အမှတ်(၇၁)၌ အကြမ်းဖက်အဖွဲ့ဝင် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ) ဝင်းလွင်ဦး အား Sig Sauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးအား ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇော်ထက်အောင်(ခ)ညီညီ နှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလခန့်တွင် KNLA တမဟ(၆)လှုပ်ရှားနယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့အနီးတောတွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လတက်ရောက်ခဲ့ပြီး လက်လုပ်မိုင်းပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများကို သင်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဆင်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် STA အမည်ခံအကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန်တရားခံ NLD  ပါတီမှ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားခံပြေး စိုးသူရထွန်းစွန်ရဲနှင့် တေဇ(ခ)ထိန်လင်း  တို့ခေါင်းဆောင်၍ ဇော်ထက်အောင်(ခ) ညီညီရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦးနိုင်နိုင်ဝင်း(ခ)ထက်အာကာကောင်းထက်(ခ) ဖိုးစည်ချမ်းမြေ့သူ(ခ)ဂျူးဂျူး၊ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် နေမင်း(ခ) သက်ပိုင်စိုးမင်းသားကြီးမာမီကိုပြည့်သားငယ်ပီရှိန်းကိုသက်ဖြူလေးဘန်းကြီးဝသုန်စိုးဥက္ကာနှင့် အရိုးတို့ ပါဝင်သောအဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ STA အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆရာ၊ ဆရာမ များအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲကာ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ ငွေကြေးချမ်းသာသူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်းနှင့် ပြည်သူလူထုပိုင်အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် တရားခံ ဇော်ထက်အောင် (ခ)ညီညီ နှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့သည် ဖမ်းဆီးရန်ကျန်တရားခံ တေဇ(ခ)ထိန်လင်း ထံမှ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား ယူဆောင်ကာ ကြာအင်းဆိပ်ကြီးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး ၏ နေအိမ်တိုက်ခန်း၌ လက်လုပ်မိုင်းများကို စတင်စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ဇော်ထက်အောင်(ခ)ညီညီနှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့ ၂ ဦးသည် NLD ပါတီမှ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားခံပြေး စိုးသူရထွန်းနှင့် NLD အမာခံများဖြစ်သည့် တရားခံပြေး စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်းတို့၏ ခိုင်းစေမှုဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ယမ်းများအား ကော်ခွက် ၅၀ ခုအတွင်းသို့ ထည့်သွင်းကာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ်အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းရုံး အားလည်းကောင်း၊ ရန်ကုန်မြို့အတွင်းရှိ လူစည်ကားသည့် သင်္ကြန်မဏ္ဍပ်များအားလည်းကောင်း ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲပြီး တစ်ချိန်တည်းမှာပင် ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ရန်စီစဉ်ထားရှိခဲ့ကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများအောင်မြင်ပါက  တရားခံပြေး စိုးသူရထွန်း မှ ငွေကျပ် ၁၀ သိန်း ပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် မတ်လ ၂၈ ရက်မှစ၍ ဇော်ထက်အောင်(ခ)ညီညီ သည် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေသည့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်း၌ ကွမ်းယာဆိုင်ဖွင့်လှစ်ကာ မဏ္ဍပ်ဆောက်လုပ်နေမှုအခြေအနေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြိုတင်လေ့လာစောင့်ကြည့်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ NLD ပါတီမှ ကွမ်းခြံကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားခံပြေး စိုးသူရထွန်း နှင့် NLD အမာခံများဖြစ်သည့် တရားခံပြေး စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်း  တို့သည် ၎င်းတို့ ထောက်ခံအားပေးသည့် NLD ပါတီသည် ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သောကြောင့် မတ်လ ၁၉ ရက်မှစ၍ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ကာ ပါတီအားဖျက်သိမ်းလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိ၍ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် STA အမည်ခံအကြမ်းဖက်အဖွဲ့မှ နိုင်နိုင်ဝင်း(ခ) ထက်အာကာ၊ ကောင်းထက်(ခ)ဖိုးစည်နှင့် ချမ်းမြေ့သူ(ခ)ဂျူးဂျူးတို့ ၃ ဦးအား ကြာအင်းဆိပ်ကြီးမြို့မှ တစ်ဆင့် ရန်ကုန်မြို့တွင်းသို့သွားရောက်၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် စေလွှတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများကြောင့် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှ တည်ဆဲဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိသောကြောင့် လည်းကောင်း၊ မြန်မာ့ရိုးရာအစဉ်အလာဖြစ်သည့် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌  လမ်းလျှောက် သင်္ကြန်နှင့် သင်္ကြန်မဏ္ဍပ်များဖွင့်လှစ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်၍ စည်ကားလာမည့်အပေါ် မနာလိုမရှုဆိတ်သည့်စိတ်ဖြင့် အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားမှုမရှိစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန်အတွက်လည်းကောင်း၊ တရားခံ ဇော်ထက်အောင် (ခ)ညီညီနှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့အနေဖြင့်လည်း ငွေကြေးရယူလိုမှုဖြင့် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်း ရှာဖွေစစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါကသက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးနှင့် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment