Monday, April 10, 2023

မြန်မာ့ရိုးရာအစဉ်အလာကိုစောင့်ရှောက် ပြည်သူများ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်

 



မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်း သည့် မဟာသင်္ကြန်ကာလဖြစ်သည်။ မြန်မာတို့၏ အစဉ်အလာမပျက် ကျင်းပလေ့ရှိသော ၁၂ လရာသီပွဲတော်များတွင် မဟာသင်္ကြန်ပွဲတော်သည် လူမျိုးမရွေး၊ဘာသာ မရွေး ပြည်သူများအားလုံး အပျော်ရွှင်ဆုံး၊ စိတ်ချမ်းမြေ့ဆုံး၊ အစည်ကားဆုံးပွဲတော် တစ်ခုဖြစ်သည်။

သင်္ကြန်ပွဲတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာနှင့် အနှစ်သာရများမှာ ထူးခြားမွန်မြတ်လှပါသည်။ အတာကူးသော တန်ခူးလအခါတွင် ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည် နှလုံးမွေ့လျော်ဖွယ်ရှိသော ဒေဝဒဟရေအိုင်ကြီးအနီးတွင် မင်းတဲဆောက်၍ ရေဖျန်းသဘင်ဖြင့် ပျော်ရွှင်စွာကစားကြသည်ဟု သာသနာဝင်ကျမ်းတို့၌ ဆိုထားသည်။ မဟာဝင်ကျမ်းတွင် ပုဂံပြည်နရသီဟပတေ့ မင်းလက်ထက် နွေလအခါနန်းတော်မှသည် မြစ်ဆိပ်ထိတိုင် လူမမြင်သာအောင် တဲနန်းဥမင်ဆောက်၍ မိဖုရား၊ မောင်းမတို့နှင့်အတူ ရေကစားကြကြောင်း ဆိုထား သည်။ ထိုမှတစ်ဆင့် ရေကစားပွဲကို ယနေ့ထက်တိုင် အစဉ်အလာမပျက် ကျင်းပခဲ့ပါသည်။

တန်ခူးလဟူသောဝေါဟာရသည် တာကူးမှ တန်ခူးသို့ ပြောင်းသွားဟန်ရှိသည်။ ဆရာကြီးဦးဖိုးလတ်က တာကူးဟူသောဝေါဟာရမှာ “နှစ်ပြောင်းသည်၊ နှစ်ပြောင်း လ၊ တန်ခူးလ၊ မိဿရာသီ”ဟု ဖွင့်ဆိုသည်။ ၁၂ လစေ့၍ တစ်နှစ်ကြာလျှင် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသည်ကို မဟာသင်္ကြန်ကျသည်ဟု ဆိုသည်။ တန်ခူးလသည် နွေရာသီအပူပြင်းဆုံးလဖြစ်၍ မြစ်ချောင်းအင်းအိုင်ရှိ ရေများခန်းခြောက် လျော့ပါးလေ့ရှိသည်။ ပူပြင်းလှသဖြင့် အပူဒဏ်သက်သာစေရန် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ သင်္ကြန်ပွဲတော်ကာလ၌ တစ်ဦးနှင့်တစ်ဦးရေပက်ဖျန်း သွန်းလောင်းကြသည်မှာ လျော်ကန်သင့်မြတ် လှပါသည်။

နှစ်သစ်အတာ ကူးပြောင်းသည့်ကာလဖြစ်၍ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ပါမလာစေရန် အတာရေဖြင့် ဆေးကြောသန့်စင်ခြင်း၊ နှစ်ဟောင်းတွင် ပြုလုပ်မိကြသော မကောင်းမှုတို့ကို သန့်စင်ဆေးကြောခြင်းစသည့် ကောင်းသောအမှုတို့ကို ပြုလုပ်ကြသည့်ကာလဖြစ်၍ မြန်မာတို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါသည်။ သင်္ကြန်သည် ကာလရွေ့လျောလာသောအခါ ကောင်းမြတ်သောယဉ်ကျေးမှု အစဉ်အလာများ လျော့ပါးလာသည်။ သင်္ကြန်အခါတွင် ရှေးအစဉ်အလာ လေးစားမြတ်နိုးဖွယ်ရာ၊ ပျော်ရွှင်ကြည်နူးဖွယ်ရာ၊ စိတ်နှလုံးချမ်းမြေ့စရာ ပျော်ရွှင်မှု၊ကောင်းမှု များကြားတွင် အပျော်လွန်ကြူးသဖြင့် အဆိုးဘက်သို့ ရောက်တတ်သလို အကျည်းတန်အရုပ်ဆိုးအောင် ပြုလုပ်ကြသူများလည်းရှိသည်။ သင်္ကြန်ပွဲတော်တွင်သူတစ်ပါးတို့အား အနှောင့်အယှက်မဖြစ်စေဘဲ စိတ်နှလုံးချမ်းမြေ့အောင် ကောင်းမွန်သော စိတ်ထားများ မွေးမြူသင့်သည်။

မျက်မှောက်ကာလတွင် တိုင်းပြည်အေးချမ်းသာယာဝပြောပြီး ပြည်သူများ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်နေသည်ကို မလိုလားသူများရှိလာ သည်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မဟာသင်္ကြန်တွင် ပြည်သူများမပါဝင်နိုင်ရန်၊ မဆင်နွှဲနိုင်ရန် ခြိမ်းခြောက်မှုများပြုလုပ်လာသည်။ ဖျက်ဆီးနှောင့်ယှက်မှုများ ပြုလုပ်နိုင်အောင် ကြံစည်အားထုတ်မှုများရှိလာသည်။ မြန်မာတို့၏ အစဉ်အလာ ယဉ်ကျေးမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်စီးအောင် ကြံစည်အားထုတ်နေသူများသည် NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးပြီး မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိသည်။ နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်အဖျက် သမားများကို တားဆီးကာကွယ်နှိမ်နင်းပေးလျက်ရှိသည်။

အကြမ်းဖက်သမားများသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်၊ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန် ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲကြမည်ကို မလိုလားမရှုဆိတ်ဘဲ နှောင့်ယှက်ဖျက်ဆီးရန်နှင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေရန်၊ သင်္ကြန်ပွဲတော်ကျင်းပမည့်နေရာများတွင် အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးမှုဖြစ်စေရန် ယုတ်မာပက်စက်သော ကြံစည်မှုများပြုလုပ်လာသည်။ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်ကူညီမှုဖြင့် အကြမ်းဖက်သမားများကို တားဆီးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များကို အရှိန်အဟုန်မြှင့် တိုက်ဖျက်နေပြီဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများအားလုံးစိတ်နှလုံး ချမ်းမြေ့စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများကို ပြည်သူများ၏ ပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် ကာကွယ်တားဆီးပြီး မြန်မာတို့၏ မွန်မြတ်ဖွယ်ရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment