Monday, April 10, 2023

ဒေသအကျိုး၊ ဒေသခံများ၏အကျိုးစီးပွားကို ယခုထက်ပိုမိုဖော်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်း

 


နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 






အခြေခံကောင်းများကိုရရှိ

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် မိမိတို့၏ သားသမီးများကို နွေရာသီကျောင်းပိတ်ရက် ကာလအားအကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘင်ခရာသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများကို ဖွင့်လှစ်သင်ကြားနေသည်ဟု သိရကြောင်း၊ ဗုဒ္ဓဘာသာ အခြေခံသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ခြင်းများ၊ ယခင်ပညာသင်နှစ်တွင် သင်ကြားခဲ့ရသည့် သင်ခန်းစာများကို ပြန်လည်ဖတ်မှတ်ခြင်းများကိုလည်း ပြုလုပ်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေများပေးနိုင်ရမည်ဖြစ်ပြီး ငယ်စဉ်ကလေးဘဝမှစ၍ စနစ်တကျဖြင့် သွန်သင်ကြပ်မတ်နေရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းပညာရေးကို သင်ယူပြီး ကျောင်းတက်ရက်မှန်စေရေးနှင့် အခြေခံပညာများကို အမှန်တကယ်တတ်မြောက်စေရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ၎င်းတို့အတွက် ပညာရေးနှင့် ပတ်သက်၍ အခြေခံကောင်းများကို ရရှိသွားရ မည်ဖြစ်ကြောင်း။

ဆုမွန်ကောင်းတောင်း

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းကြစေလိုပြီး စည်းကမ်းစနစ်တကျဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင် သကဲ့သို့ မိမိတို့အပန်းဖြေနေထိုင်ရမည့် အားလပ်ရက်များကိုလည်း ပျော်ရွှင်စွာဖြင့် ဖြတ်သန်းကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသသည် ယခင်ကထက်များစွာ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရပြီး မိမိတို့ အကြီးအကဲများက လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းထက် ဒေသခံများနှင့်အတူ နယ်မြေခံတပ်များ၏ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းဒေသ ယခုထက် ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံပြည်သူများနှင့် စုစည်းညီညွတ်စွာဖြင့် ဒေသအကျိုး၊ ဒေသခံများ၏ အကျိုးစီးပွားကို ယခုထက်ပိုမိုဖော်ဆောင်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားကြရန်လိုကြောင်း၊ နှစ်သစ်အခါသမယတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် အောင်မြင်မှုများ ဆတက်ထမ်းပိုးရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှူး နှင့်ဇနီးတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာ့ရိုးရာအတာသင်္ကြန်ရေများ ပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ကိုကိုးကျွန်းတပ်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ စမ်းသပ်စိုက်ပျိုးထားသည့် ကိုကိုးစိုက်ခြံ အမှတ်(၁) ၁ ဒသမ ၆၆ ဧကနှင့် စိုက်ခြံ အမှတ်(၂) ၃ ဒသမ ၃၄ ဧကတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုကိုးပင်များကို ထားဝယ်ဒေသတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရပြီး ရေခံမြေခံသဘောတူညီသည့် ကိုကိုးကျွန်းတွင်လည်း အောင်မြင်စွာစိုက်ပျိုးနိုင်မည့် အခြေအနေများရှိကြောင်း၊ ကိုကိုးစေ့ကို ချောကလက်ပြုလုပ်ရာတွင် အဓိကအသုံးပြုပြီး ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ အများအပြားကိုလည်း ပေးစွမ်းနိုင်ကာ ဈေးကွက်လိုအပ်ချက်များစွာရှိကြောင်း၊ ကိုကိုးပင်ကို ဒေသတွင်း၌ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများကိုလည်း များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

လမ်းညွှန်မှာကြား

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ၇ မိုင် လိပ်သားဖောက်စခန်းနှင့် နယ်မြေခံရေတပ်စခန်းဌာနချုပ်လိပ်မွေးမြူ ရေးစခန်းတို့သို့ ရောက်ရှိကြပြီး လိပ်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသအတွင်း ပင်လယ်လိပ်များ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် သုံးနှစ်သားအရွယ်ရှိ ပင်လယ်လိပ်ကြီး နှစ်ကောင်ကို မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အကြိုကာလ ဇီဝိတဒါနအဖြစ် ပင်လယ်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးကြသည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများသည်လည်း ပင်လယ်လိပ်များကို ဇီဝိတဒါနအဖြစ် ပင်လယ်အတွင်းသို့ လွှတ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ ဒေသနွားမွေးမြူရေးခြံသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးကျွန်းဒေသ၏ အသားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဒေသနွားမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် တိုးချဲ့မွေးမြူသွားရန်၊ အစာကျွေးမွေးမှုများ စနစ်တကျရှိရန်တို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment