Monday, April 10, 2023

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


ရန်ကုန် ဧပြီ ၉

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ်

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းများကို နောက်ထပ်အစည်းအဝေးထပ်လုပ်ရန် အချိန်မရှိတော့သည့်အတွက် လုပ်ဆောင်သင့်သည့်လုပ်ငန်းများကို အတည်ပြုဆွေးနွေးကြရန်နှင့် အချိန်မီ ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြန်မာ့ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့်နေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုများ၊ Fashion Award ဆုများ ပေးအပ်ချီးမြှင့်ရာတွင် မှန်မှန်ကန်ကန် စိစစ်ရွေးချယ် ပေးရန်လိုကြောင်း ဆုများရွေးချယ်မှုကို မိမိတို့ဝန်ကြီးဌာနက စိစစ်ရွေးချယ်ခြင်း မဟုတ်ဘဲ ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ်ခြင်းဖြစ်သည်ကို အားလုံးသိရှိစေလိုကြောင်း။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့် ပွဲနှင့်ပတ်သက်၍ မသမာသူအဖျက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဝေဖန်ပြစ်တင်နှောင့်ယှက် ဟန့်တားမှုများ ဆောင်ရွက်နေကြ ကြောင်း၊ မိမိတို့အားလုံးသည် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်အနုပညာရှင်များအား ဆုများပေးအပ်ချီးမြှင့်ရေးကို ရိုးသားဖြူစင်သော စေတနာအပြည့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ယခုကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို အောင်မြင်အောင် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကို ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့သွားရောက်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ကြမည့် ရွှေကြိုမောင်မယ်များ၏ အနုပညာစွမ်းရည်ပြသမှုကို ကြည့်ရှုအားပေးကာ ရွှေကြိုမောင်မယ်များကို အားပေးစကားပြောကြားရာတွင် ယခုကဲ့သို့ ရုပ်ရှင်အနုပညာလောကအတွက် မျိုးဆက်သစ်မောင်မယ်များကို ပြုစုပျိုးထောင် ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယခုရွှေကြိုမောင်မယ်များသည် နောင်တစ်ချိန်တွင် ပြည်သူ ချစ်ခင်နှစ်သက်ပြီး ထင်ရှားကျော်ကြားသည့် အနုပညာရှင်များဖြစ်လာမည်ဟု ယုံကြည်ကြောင်း။

အနုပညာရှင်များသည် အနုပညာလုပ်ငန်းများတွင်သာ အာရုံစူးစိုက် ဆောင်ရွက်ရန်လိုပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရုပ်ရှင်အနုပညာလောက ပြန်လည်နိုးထ သက်ဝင်လာစေရေးနှင့် အနုပညာလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာနယ်ပယ်၌ မျိုးဆက်သစ်မောင်မယ်များကိုနေရာပေး ရိုက်ကူးတင်ဆက်မှုများရှိလာသည့်အတွက် မိမိ၏အနု ပညာအစွမ်းအစကို ကြိုးစားမြှင့်တင်ခြင်းအားဖြင့် အောင်မြင်သောအနုပညာရှင်များဖြစ်ပါစေကြောင်း ပြောကြားပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment