Monday, April 10, 2023

ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သဖြင့် အားထည့်ဆောင်ရွက်

 


နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများအား မြို့တော် ခန်းမ၌ တွေ့ဆုံသည်။

 



ဦးစွာ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ဒေသဆိုင်ရာအချက်အလက် များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ တွင် ကိုကိုးကျွန်းဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရန် နှုတ်ခွန်းဆက်သပါကြောင်း၊ မိမိအနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီ ၈ ရက်တွင် ကိုကိုး ကျွန်းမြို့နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ယခုအကြိမ်သည် ၁၉ ကြိမ်မြောက် ရောက်ရှိခြင်းဖြစ် ပါကြောင်း၊ ကိုကိုးကျွန်းဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် များစွာကူညီဆောင်ရွက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုကိုးကျွန်းဒေသသည် လွန်ခဲ့သည့် ၁၁ နှစ်တာကာလထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။

ပူးပေါင်းကြိုးပမ်းဆောင်ရွက်

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှင့် အစိုးရမှ တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသသည် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးသည် ထိုက်သင့်သလောက် မဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံရေးအစိုးရလက်ထက်တွင် ကိုကိုးကျွန်းဒေသ၌ အချင်းချင်းစည်းလုံးညီညွတ်မှု အားနည်းချက်များရှိကာ ဒေသဖွံ့ဖြိုးတိုးတက် ရေးသည်လည်း နှောင့်နှေးခဲ့ရကြောင်း။

မိမိအနေဖြင့် ကိုကိုးကျွန်းသို့ ပထမဆုံးအကြိမ်ရောက်ရှိသည့် အချိန်ကတည်းကပင်ကိုကိုးကျွန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီး ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့တွင်လည်း ကပ္ပလီ ပင်လယ်ပြင် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ကြောင်း၊ ယခုကဲ့သို့ ပင်လယ် နှစ်ခုဆုံမှတ်တည်နေရာအပါအဝင် ကိုကိုးကျွန်းဒေသသည် သဘာဝအလှအပများ များစွာတည်ရှိနေ သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများရှိ ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအလှအပများကို ဖော်ထုတ်ထိန်းသိမ်းလျက်ရှိသည့်အပြင် အုန်းပင်စိုက်ပျိုးမှုများနှင့် ကိုကိုးပင်စိုက်ပျိုးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကိုကိုးကျွန်းမြို့ရှိ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်၌ စမ်းသပ်စိုက်ပျိုးထားသည့် ကိုကိုးပင်များသည် နောင်နှစ်အနည်းငယ်အတွင်း အသီးအပွင့် အကျိုးရလဒ်များကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကိုကိုးကျွန်းရှိ ဒေသခံများအတွက် အကျိုးစီးပွားကိုဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ နွားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ဒေသအကျိုးကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဒေသတွင်းစီးပွားရေးလုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာလျှင် ဒေသနှင့် ဒေသခံများ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သဖြင့် အားထည့် ဆောင်ရွက်ကြစေလိုကြောင်း။

ကိုကိုးကျွန်းဒေသ၌ ပညာရေးနှင့်ပတ်သက်၍လည်း အားနည်းမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် ပို့ချသင်ကြားခြင်း (Teaching)ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာသင်ကြားခြင်း (Studying)ကို အဓိကထားဆောင်ရွက်ကြ ကြောင်း၊

ထို့ကြောင့် ကျောင်းသားကျောင်းသူများ အတွေးအခေါ်ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျသင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အတွေးအခေါ်များ ကောင်းမွန်လာမည်ဆိုပါက ၎င်းတို့၏ဘဝ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် ပညာတတ်မည်ဖြစ်သဖြင့် စာပေလေ့လာဖတ်ရှုခြင်းနှင့် စာဖတ်အားမြှင့်တင်ခြင်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ တပ်မတော်အတွင်းရှိ ကျောင်းသား ကျောင်းသူများကိုလည်း နွေရာသီကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာအသုံးချနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဌာနဆိုင်ရာများအနေဖြင့် ဒေသတွင်းမှ ဝင်ရောက်အမှုထမ်းသူများနှင့် ပြင်ပဒေသများမှ လာရောက်တာဝန်ထမ်းဆောင်ရသူများရှိကြောင်း၊ ဒေသတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ ဗဟုသုတများအကျိုးရှိစွာ အသုံးချ၍ ကိုကိုးကျွန်းဒေသ၏ ကောင်းရာကောင်းကျိုးများကို ထမ်းဆောင်ကြရန်လိုပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အကြံပြုချက်ကောင်းများကို ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အသိပညာများကိုမျှဝေပေးခြင်းသည် ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းဒေသတွင် နေထိုင်ကြသည့် မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး နှစ်သစ်တွင် အောင်မြင်မှုများ ရရှိကြပါစေကြောင်း၊ ယခုထက် ပိုမိုအောင်မြင်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆန်းမင်းက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား မြန်မာ့ရိုးရာ အတာသင်္ကြန်ရေများဖြင့် ပက်ဖျန်း၍ နှစ်သစ်ကို အတူတကွရင်းနှီးနွေးထွေးစွာ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့တွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြရာ လမ်းတစ်လျှောက် ပြည်သူ များက ခင်မင်ရင်းနှီးစွာဖြင့် လက်ပြနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment