Saturday, April 8, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

 


ရန်ကုန် ဧပြီ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့တွေ့ဆုံဆွေးနွေးရခြင်းသည် ရုပ်ရှင်ရုံများ၌ ရုံတင်ခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသ သည့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား၊ မြန်မာစာတန်းထိုး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများကို ပြဋ္ဌာန်းထားသည့် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေများနှင့်အညီ ပြသနိုင်ရန် ဆောင်ရွက်ပေးနေ သည့် ဆင်ဆာအဖွဲ့ဝင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်းဖြစ်ပါကြောင်း။

ရုပ်ရှင်အနုပညာဖန်တီးမှုများသည် စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆဖန်တီးရသည့် ပညရပ်ဖြစ်၍ အချို့အနုပညာဖန်တီးမှုများက လွန်ကဲသည့် ဖန်တီးမှုမျိုးဖြစ်ပါက ပြည်သူများအတွက် အဆိပ်အတောက်ဖြစ်နိုင်သကဲ့သို့ တင်းကျပ်လွန်းမှုများ ရှိနေပါကလည်း အနုပညာဖန်တီးမှုအပိုင်းတွင် အားနည်းသွားနိုင်သည်ကို သတိပြုကြစေလိုပါကြောင်း။

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများကို ပြည်သူများထံသို့ အဆိပ်အတောက်ကင်းကင်းဖြင့် ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် မူလဖန်တီးထုတ်လုပ်သည့် အနုပညာရှင်များက သတိဝီရိယကြီးစွာနှင့် ဖန်တီးရန် လိုအပ်သကဲ့သို့ ဆင်ဆာအဖွဲ့ဝင်များအနေဖြင့်လည်း တော်တည့်မှန်ကန်စွာ စိစစ်အကဲဖြတ်ပေးရန် လိုအပ်ပါကြောင်း။

ဆင်ဆာအဖွဲ့ဝင်များသည် ဇာတ်ကားများကို စစ်ဆေးရာတွင် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပြဋ္ဌာန်းချက်ပါအခြေခံ၍ စစ်ဆေးရသည့် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေးနှင့် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှု မရှိရေးဆိုသည့် စည်းကမ်းချက် ၆ ချက်နှင့် အညီ စစ်ဆေးဆောင်ရွက်နေရပါကြောင်း။

ဆင်ဆာအဖွဲ့ဝင်များအနေဖြင့် တင်ပြလာသော ဇာတ်ကားများအား ပြည်သူများအတွက် အဆိပ်အတောက် မဖြစ်စေရေးအတွက် လွတ်လပ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဆင်ခြင်တုံတရားပြည့်ဝမှုတို့ဖြင့် ထိန်းသိမ်းစစ်ဆေးပေးခြင်း၊ မိမိနှင့် သက်ဆိုင်သောဘာသာရပ်အလိုက် အသေးစိတ်စိစစ်ထောက်ညွှန်ခြင်း၊ အကြံပြုပေးခြင်းတို့ကို တွေ့မြင်ရသည့်အတွက် ရုပ်ရှင်အနုပညာအပေါ် လေးစားမြတ်နိုးတန်ဖိုးထားသူများဟု မှတ်ယူထားပါကြောင်း။

ဆင်ဆာအဖွဲ့က လေးလတာ ကာလအတွင်း မြန်မာရုပ်ရှင် ဇာတ်လမ်း အပုဒ် ၂၀ ၊ မြန်မာ ရုပ်ရှင်ဇာတ်ကား ၉ ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ၃၈ ကား၊ မြန်မာဗီဒီယိုဇာတ်ကား ၁၀ ကား၊ ကာရာအိုကေ ၁ ကား၊ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသသည့် နိုင်ငံခြားဇာတ်ကား (မြန်မာစာတန်းထိုး) ၇၇၆ ကား၊ နိုင်ငံခြား ဇာတ်လမ်းတွဲ(မြန်မာစာတန်းထိုး၊ မြန်မာနောက်ခံစကားပြော)၅၇ ကား၊ မြန်မာဇာတ်လမ်းတွဲ ၃၅ ကား၊ Documentary ၂၃ ကား၊ မြန်မာရုပ်သံဇာတ်ကား ၅ ကားတို့ကို စိစစ်ပေးခဲ့သည့်အတွက် စုစုပေါင်းကြာမြင့်ချိန် ၃၀၇၅ နာရီခန့်အထိ အချိန်ပေးစိစစ်ခဲ့ကြသည်ကို တွေ့ရပါကြောင်း။

ယခုကဲ့သို့ ကိုယ်စွမ်း ဉာဏ်စွမ်းစိုက်ထုတ်၍ ရုပ်ရှင်အနုပညာလောကကောင်းမွန်စွာ ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ကူညီဆောင်ရွက်ပေးနေသည့် ဆင်ဆာအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

ဆင်ဆာအဖွဲ့ဝင်များအနေဖြင့်လည်း ကြည့်ရှုစစ်ဆေးရာ၌ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံပြုချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်းဥက္ကဋ္ဌ ဦးရဲနိုင်စိုးတို့က ရုပ်ရှင်နှင့်ဆင်ဆာလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုပ်မြင်သံကြားထုတ်လွှင့်နေမှုအခြေအနေနှင့် အွန်လိုင်းမီဒီယာ စည်းကမ်းတကျဖြစ်စေရေးအတွက် ထိန်းကျောင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တက် ရောက်လာသူများ၏ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပြုလုပ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သို့တက်ရောက်ပြီး “ပိတောက်နဲ့အတူ” တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုကြမည့် အနုပညာရှင်များနှင့် ဖိတ်ကြားထားသော အနုပညာရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခက်ဖြင့် အပြန်အလှန် ရေပက်ဖျန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment