Saturday, April 8, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပ

 


နေပြည်တော် ဧပြီ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာ ကျွေးမွေးခြင်းနှင့်ပျော်ပွဲရွှင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်ပြီး နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော် ဖြစ်ပါကြောင်း၊ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်သာ ကျင်းပရခြင်းမဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ မကောင်းသော အညစ်အကြေးများကို ဆေးကြောခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ ရိုသေထိုက်သူကို ရိုသေခြင်းစသည့် မင်္ဂလာတရားတော်များနှင့်အညီ ကုသိုလ်ကောင်းမှုများနှင့် အနှစ်သာရပြည့်ဝသည့် မြန်မာ့ရိုးရာပွဲတော် မြတ်၊ ပွဲတော်ထူးဖြစ်သဖြင့် အဓိပ္ပာယ်ရှိရှိဖြင့် ကျင်းပသော ပွဲတော်ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကိုမဏ္ဍိုင်ပြု၍ သင်္ကြန်ရေပက်ဖျန်းခြင်း အလေ့အထနှင့် နှစ်ဟောင်းမှ အညစ်အကြေးများ ကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်း အေးမြစေရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာနအကျိုးကို အတူလက်တွဲပူးပေါင်း ဆောင်ရွက်ကြပါစို့ဟုဆန္ဒပြုရင်း အားလုံးဘေးကင်းပြီး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှစ်သစ်ဦး မင်္ဂလာစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေရာ သင်္ကြန်မယ်လေးများက အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဝန်ထမ်းမိသားစုများက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး အတာသင်္ကြန်ရေများ ပက်ဖျန်းကြကာ ဦးစီးဌာနအလိုက် စတုဒိသာ များ ဧည့်ခံကျွေးမွေးသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်သစ်ကူးအတာ သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ် ပြည့်မြောက်သောအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment