Saturday, April 8, 2023

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်

 


နေပြည်တော်၊ ၇-၄-၂၀၂၃

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ASEAN Specialized Meteorological Center (ASMC) မှ ထုတ်ပြန်ထားချက်များအရ-

 


၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်ဒေသခွဲနိုင်ငံများတွင် မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများ များပြားလာပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံ တောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

မဲခေါင်ဒေသခွဲတွင် ၂၀၂၃ ခုနှစ် မေလအထိပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ်မည်ဟု ခန့်မှန်းသဖြင့် မီးလောင်ကျွမ်းသည့်နေရာ (Fire Hotspot)ဖြစ်ပေါ်မှု မြင့်တက်မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ၂၀၂၃ ခုနှစ် မေလအထိဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution - AATHP) တွင် ပါဝင်လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် Fire Hotspot ကို ၃၃ % လျှော့ချနိုင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ (Roadmap on ASEAN Cooperation towards Transboundary Haze Pollution Control) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်းပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ASEAN Specialized Meteorological Center (ASMC) မှ ရရှိသော Fire Hotspot များကို မြေပြင်တွင် ကွင်းဆင်းဆန်းစစ်ခြင်း၊ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းကို လေ့လာဆန်းစစ်ခြင်း၊ မီးဘေး အန္တရာယ်တားဆီးကာကွယ်ခြင်း၊ ငြှိမ်းသတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ Fire Hotspot အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာခြင်း၊ Fire Hotspot အန္တရာယ်လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ပြီး စီမံချက်များရေးဆွဲခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

No comments:

Post a Comment