Saturday, April 8, 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ၊ ဒေသခံပြည်သူစုစုပေါင်း ၁၉၃၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့

 


နေပြည်တော် ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)၌ ကြိုဆို နှုတ်ဆက်ကြသည်။

 


ဂုဏ်ပြုကြိုဆိုပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်းနှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇေယျ တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြပြီး ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက နယ်လှည့်အထူးကုဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သက်နိုင်က လက်ခံရယူပြီး နယ်လှည့်ဆေးကုသမှု ဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်းပြောကြားကာ ဂုဏ်ပြုနေ့လယ်စာအား အတူတကွသုံးဆောင်ကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိ/စစ်သည်များပါဝင်ပြီး အဆိုပါအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျားသွားရောဂါခွဲစိတ် ကုသရေးယာဉ်တို့ ပါဝင်ကာ စစ်ကိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ဧပြီ ၃ ရက်မှ ယနေ့အထိ လိုအပ်သည့် ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဆေးကုသမှုဆိုင်ရာရောဂါ ၅၃၇ ဦး၊ ခွဲစိတ်ရောဂါ ၁၄၀ ဦး၊ ကလေးရောဂါ ၁၄၃ ဦး၊ သားဖွား မီးယပ်ရောဂါ ၈၂ ဦး၊ အရိုးရောဂါ ၂၀၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၈၆ ဦး၊ မျက်စိရောဂါ ၅၈၆ ဦး၊ သွားရောဂါ ၁၃၅ ဦးနှင့် အခြားရောဂါ ၂၅ ဦး အပါအဝင် သံဃာတော်များနှင့် ပြည်သူလူထုစုစုပေါင်း ၁၉၃၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၃၀၂ ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းတို့အနက် မျက်စိခွဲစိတ်ကုသမှု ၂၇ ဦး၊ အထွေထွေခွဲစိတ်ကုသမှုလူနာ ၁၂ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်များဖြင့် ခွဲစိတ်ကုမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အပြင် ဓာတ်မှန်ရိုက်လူနာ(၁၉၀)ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ  ၁၇၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄၇ ဦးနှင့် ဓာတ်ခွဲစမ်းသတ်မှု လူနာ ၉၈၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသတ်ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျှက်ရှိသည့် ဒေသခံပြည်သူ ၇ ဦးကို တပ်မတော်ဆေးရုံများသို့ စနစ်တကျလွှဲပြောင်းကုသမှုများဆောင်ရွက်ပေးခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယခုကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကဏ္ဍ အရှန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက်မပြတ်ဆက်လက်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment