Saturday, April 8, 2023

သင်္ကြန်ကာလအတွင်းညောင်ရွှေမြို့၊ အင်းလေးရေပေါ်သင်္ကြန်အား ယုတ်မာရက်စက်သော အကြံဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်လျက်ရှိသည့် အင်းလေးPDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်း လက်ဦးမှုရယူဖမ်းဆီးရမိ

 

နေပြည်တော် ဧပြီ ၈ ရက်

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံPDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။








ထို့အပြင် အင်းလေးPDF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည့် သင်္ကြန်ကာလအတွင်း အင်းလေးဒေသ၌ အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားမှုကို နှောင့်ယှက်ဖျက်စီးရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် ရေပေါ်သင်္ကြန် ပြုလုပ်မည့်နေရာများတွင် ဖောက်ခွဲဖျက်ဆီးခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းအကြမ်းဖက် မှုကိုမလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာသတင်းပေးပို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အင်းလေးဒေသအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများအား ကြိုတင်သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် သတင်းစုံစမ်းစစ်ဆေး ဖော်ထုတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်၌ အင်းလေး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် လေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးနှင့် ခိုင်ဇာဝင်းတို့အား လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လေးလွင်မျိုး(ခ)ကိုမျိုး(ခ) ပူတူးသည် NLD ပါတီအမာခံများ ဖြစ်သည့် တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖယ်ခုံမြို့နယ်၊ ကာဟန့်ကျေးရွာအနီးရှိ အင်းလေး PDF အမည်ခံ ရင်း(၁၀၀၉)၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းအား ၁ လခန့်တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်း ပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများကို သင်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အကြမ်းဖက်သင်တန်းဆင်းပြီးနောက် တရားခံလေးလွင်မျိုး (ခ) ကိုမျိုး (ခ) ပူတူးသည် ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့ပြီး ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေထိုင်သူ တရားခံ ခိုင်ဇာဝင်းနှင့်အတူ လက်လုပ်မိုင်းများကို စတင်စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် တရားခံလေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးသည် လက်လုပ်မိုင်းများနှင့် ရှေ့ထွက် လက်လုပ်မိုင်းများကို ကိုယ်တိုင်ပြုလုပ်ကာ ပေါက်ကွဲအား ပြင်းထန်သည့် ယမ်းနှင့်မိုင်းများအား ၅ ဂါလံဆံ့ အဝါရောင်ဆီပုံးများအတွင်းသို့ ထည့်သွင်းကာ အင်းလေးဒေသ၌ အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများသို့ ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ထားကြောင်း၊ ထို့အပြင်သင်္ကြန်ကာလအတွင်း ညောင်ရွှေမြို့ပေါ်၌ အများပြည်သူများ ထိတ်လန့်ကြောက်ရွံ့၍ ရေကစားမှုမရှိစေရန်ရည်ရွယ်၍ သင်္ကြန်မတိုင်မီကာလတွင် မြို့နယ်လဝကရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့အား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားကြောင်းနှင့် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အောင်မြင်ပါက တရာခံပြေး ကိုစိုင်း(ခ)အင်းဆားကူးမှ ငွေကျပ် ၅ သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ NLD ပါတီအမာခံများဖြစ်သည့် တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့သည် ၎င်းတို့ ထောက်ခံအားပေးသည့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကောက်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သောကြောင့် မတ်လ ၂၉ ရက်မှစတင်၍ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ကာ ပါတီအား ဖျက်သိမ်းလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိ၍ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဟဲဟိုးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ အင်းလေးဖောင်တော်ဦးဘုရားနှင့် ရွှေအင်းတိန်ဘုရားများသို့ ဘုရားဖူးရန်လာရောက်သည့် အပြစ်မဲ့ပြည်သူများအား သေကြေပျက်စီးစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ဝင်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)PDF အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းချေမှုန်းမှု များကြောင့် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသေဆုံးပြီးလက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိ သောကြောင့်လည်းကောင်း၊ အင်းလေးဒေသအတွင်း ရေပေါ်သင်္ကြန်ကျင်းပကာ ပျော်ပွဲ ရွှင်ပွဲများပြုလုပ်၍ စည်ကားမှုတို့အပေါ် မနာလိုမရှုဆိတ်သည့်စိတ်ဖြင့် အပြစ်မဲ့ပြည်သူ များအေးချမ်းပျော်ရွှင်စွာ ရေကစားမှုမရှိစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် လည်းကောင်း၊ ရေပေါ်သင်္ကြန်ပြုလုပ်မည့်နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်ခိုင်းစေခဲ့ပြီး တရားခံ လေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးအနေဖြင့်လည်း ငွေကြေးရယူလိုမှုဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်း ရှာဖွေစစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသောဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးနှင့် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment