Sunday, April 9, 2023

လေထုညစ်ညမ်းမှုဖြေရှင်းရေး နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်

 

 


မြန်မာနိုင်ငံတွင် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် နိုင်ငံတော် အစိုးရက ဦးတည်ချက်ချမှတ် အကောင်အထည်ဖော်လျက်ရှိပြီး ပြည်သူများကျန်းမာရေးအတွက် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးရေးကို အလေးထားလုပ်ဆောင်လျက်ရှိသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွင် မြေပြင်၊ ရေပြင်၊ လေထုမသန့်ရှင်းမှုအမျိုးမျိုးပါဝင်ပြီး လေထုသန့်ရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း၌ လေထုအရည်အသွေး လေ့လာဆန်းစစ်ချက် ကို ပုံမှန်ပြုလုပ်လျက်ရှိသည်။

လေထုအရည်အသွေးသည် နေရာတစ်ခု၌ ပုံမှန်အားဖြင့်မရှိနိုင်ဘဲ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု၊ မော်တော်ယာဉ်သုံးစွဲမှု၊ စက်ရုံအလုပ်ရုံနှင့် ပတ်ဝန်းကျင်မှ အခိုးအငွေ့ထုတ်လွှတ်မှု စသည့်အချက်များအပေါ်မူတည်၍ အပြောင်းအလဲဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင် လေထုအရည်အသွေးကို လစဉ်ပုံမှန်လေ့လာဆန်းစစ်ချက်အရ ပြီးခဲ့သည့်လက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့ ပတ်ဝန်းကျင်လေထုသည် ခံနိုင်ရည်နည်းပါး သူများအတွက် ထိခိုက်နိုင်သောမြို့ဖြစ်သည်ဟု သိရှိခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ပြီး လူနေမထူထပ်သောမြို့ဖြစ်ပါလျက် လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ခြင်း သည် ဒေသတွင်းပတ်ဝန်းကျင်နှင့် အကြောင်းဆက်စပ်မှုရှိမည်ဖြစ်သည်။

သုံးနိုင်ငံထိစပ်နေသော ပတ်ဝန်းကျင်၌ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့မှုတွင် တောမီးလောင်ကျွမ်းခြင်းသည် အဓိကဖြစ်ကြောင်း ဧပြီလ ၇ ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးမှ သိရှိခဲ့ရသည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံဒေသတွင်း ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကြားတွင် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ မဲခေါင်ဒေသခွဲနိုင်ငံများတွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု ပိုမိုများပြားလာသည်။ ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစတင်၍ မြန်မာ နိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါကာလများတွင် မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းတစ်ခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှုများ များပြားခဲ့သည်။ အာဆီယံမှရရှိသော အချက်အလက်များအရ မီးခိုးမြူငွေ့ သိပ်သည်းစွာဖြစ်ပေါ်မှုသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့ပိုင်း၌ အနည်းငယ်ဖြစ်ပေါ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်ခဲ့သည်။ ဧပြီလ ၂ ရက်နှင့် ၃ရက်နေ့တို့တွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း တို့တွင် အနည်းငယ်ဖြစ်ပေါ်ပြီး လာအိုနိုင်ငံတောင်ပိုင်းတွင် ပိုမိုဖြစ်ပေါ်ကာ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့ဖျား၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံ တောင်ပိုင်းတွင် သိပ်သည်းစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဒေသတွင်း၌ ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ ပြဿနာဖြေရှင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့ ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့ကြသည်။ ယခုအစည်းအဝေးသည် သုံးနိုင်ငံအကြား ကြုံတွေ့နေရသည့် လေထုညစ်ညမ်းမှု ပြဿနာနှင့်ပတ်သက်၍ ပထမဆုံးကျင်းပပြုလုပ်သည့်အစည်းအဝေးဖြစ်သည်။

သုံးနိုင်ငံအကြားခံစားနေရသည့် မီးခိုးနှင့်လေထုညစ်ညမ်းမှုများကို နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။ အဆိုပါပြဿနာကို ဖြေရှင်းဆောင်ရွက်ရာ၌ နိုင်ငံတော်အကြီးအကဲ အကြံပြုပြောကြားခဲ့သည့် သုံးနိုင်ငံနယ်စပ်ဒေသ၌ စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်ယာစိုက်ပျိုးမှုကို လျှော့ချရန်၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်းကို အကောင်အထည်ဖော်ရန်နှင့် မြေဩဇာရရှိရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်နှင့် နည်းပညာများ အသုံးပြုဆောင်ရွက်ရန်ဟူသည့်အချက်များကို အလေးထား၍ နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သုံးနိုင်ငံနယ်စပ်ဒေသမှ ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ပြေလည် သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ အာဆီယံဒေသတွင်း ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် ပြဿနာကို ဖြေရှင်းနိုင်ရေးနှင့် သုံးနိုင်ငံရှိပြည်သူများ၏ ကျန်းမာရေးကိုအလေးထားရေး၊ အခြားလူမှုစီးပွားပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုပြဿနာကို နိုင်ငံအချင်းချင်း အရှိန်အဟုန်ပြင်းပြင်း လက်တွဲပူးပေါင်း ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။        ။

No comments:

Post a Comment