Saturday, April 8, 2023

၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကျင်းပ

 


နေပြည်တော် ဧပြီ ၇

၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ ယနေ့မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မကြာခင်ရောက်ရှိတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မှ ၁၃၈၅ ခုနှစ်ကို ကူးပြောင်းရောက်ရှိတော့မည့် နှစ်ဦးအကြို မဟာသင်္ကြန်ကာလတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေရန် ဦးစွာပထမဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း။

မကြာမီရောက်ရှိတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ စ၍ ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှုရိုးရာ အစဉ်အလာများကို ထိန်းသိမ်းပြီး ယဉ်ယဉ်ကျေးကျေးရေကစားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက သင်္ကြန်ရိုးရာ စတုဒိသာအကျွေး အမွေးများဖြင့်ဧည့်ခံကြပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ ယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှုယိမ်းအကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေကြရာ အနုပညာရှင်ဝန်ထမ်းယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

သတင်းစဉ်

No comments:

Post a Comment