Saturday, April 8, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို ရေသဘင်ပွဲတော်ကျင်းပ

 


နေပြည်တော် ဧပြီ ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြို ရေကစားဧည့်ခံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃)ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဝါဝါမောင်၊ ဦးညွန့်အောင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင်၊ ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက် နှစ်သစ်ကူး အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် နှစ်သစ်ကူးထောက်ပံ့ငွေပေးအပ်ရာ ဝန်ထမ်း များကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်တော်များက ဝန်ထမ်းများနှင့်အတူ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဝန်ထမ်းများက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေကြပြီး ယိမ်းအဖွဲ့ များအား ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဆုငွေများချီးမြှင့်ကာအခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်း သံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment