Saturday, April 8, 2023

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပ

 


နေပြည်တော် ဧပြီ ၇

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်မှုများ အထိုက်အလျောက်ရရှိ နေပြီဖြစ်ပါကြောင်း။

ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များဖော်ထုတ်

လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ စီမံချက်များအသီးသီး ရေးဆွဲတင်ပြရာတွင် ယာယီခိုလှုံရာစခန်းများတွင် လက်ရှိနေထိုင်သည့် ကာလအတွင်း ထောက်ပံ့ခြင်းထက် မူလနေရပ်သို့ ပြန်လည်နေရာချထားရာတွင် ကူညီပံ့ပိုးပေးမည့် အစီအမံများနှင့် ရေရှည်ရပ်တည်နိုင်ရေး အတွက်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ မိလ္လာစနစ် အစရှိသည်များကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ IDP စခန်းများအား စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များဖော်ထုတ် တင်ပြရေးအဖွဲ့အနေဖြင့် IDP စခန်းများ၏ မြေပြင်အခြေအနေ၊ စခန်းတွင်းနေထိုင်သူများ၏ နေရပ်ပြန်ရန်စိတ်ဆန္ဒ၊ နေရပ်ပြန်ရန် နှိုးဆော်နိုင်သည့်အချက်များ၊ နှောင့်နှေးနိုင်သည့်အချက်များ၊ နေရပ်ပြန်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဖော်ထုတ်သုံးသပ်ပြီး ကော်မတီအသီးသီးသို့ ဖြန့်ဝေပေးထားပြီးဖြစ်၍ လေ့လာကာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ပြီးစီးမှုများနှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် ရန်ပုံငွေထည့်သွင်း လျာထားဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ IDP နှင့် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေထိုင်နေကြသူများ၏ ရပ်တည်နေထိုင်မှုကို စိစစ်လေ့လာ၍ နေရပ်သို့ပြန်လည်ပို့ဆောင်နေရာချထားပြီး စခန်းများပိတ်သိမ်းနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြရန် တိုက်တွန်းလိုပါကြောင်း။

အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာဆောင်ရွက်ခဲ့မှုကြောင့် ယခင်တိုးတက်မှုများအပြင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ လက်ရှိအချိန်အထိ အိမ်ထောင်စု ၆၄၂၁ စု၊ လူဦးရေ ၂၇၉၅၇ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDPနှင့် တိုက်ပွဲရှောင်စခန်း/ စုရပ် ၁၀၉ ခုကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်

ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားသည့်နေရာများတွင် အမှီအခိုကင်း၍ အဆင်ပြေစွာရပ်တည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာအောင်ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန်အတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ပါ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ထိရောက်ပီပြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု အခြေအနေ၊ IDP နှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အလက်ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့်အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် မူလနေရပ်သို့ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများနှင့် အမျိုးသားအဆင့် ကော်မတီအတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာဆိုင်ရာကိစ္စရပ်များအား ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် သုံးသပ်အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment