Sunday, April 9, 2023

ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာ

 


နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဟိုပုံးတပ်နယ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ အရာရှိ၊ စစ်သည်များ၊ နည်းပြများနှင့် သင်တန်းသားများကို အဆိုပါကျောင်းသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

 




ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကို မတရားအနိုင်ရယူရန် မဲမသမာမှုပြုခဲ့မှု၊ မဲမသမာ မှုအပေါ် UEC အပါအဝင် တာဝန်ရှိသူများကို ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း လျစ်လျူရှုခဲ့မှု၊ အခြားသောပါတီများကကျေနပ်မှုမရှိ၍ တပ်မတော်အပေါ် ဖြေရှင်းပေးရန်တောင်းဆိုခဲ့မှု၊ မဲမသမာမှုကို ဖြေရှင်းရန်မကြိုးစားဘဲ လွှတ်တော်ခေါ်ယူ၍ အဓမ္မအာဏာရယူရန် ကြိုးစားခဲ့မှု၊ တပ်မတော်ကဒီမိုကရေစီစနစ်ယိုင်လဲမှုမရှိစေရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ၏ အချုပ်အခြာအာဏာ ထိန်းသိမ်းခဲ့မှုတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

လေ့လာသင်ကြား

ဆက်လက်ပြောကြားရာတွင် တပ်မတော်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် လိုအပ်သော အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာများတွင် ပညာရှင်အဖြစ် အသုံးချနိုင်ရန်ဖြစ်၍ မိမိသင်ကြားထားသည့် ဘာသာရပ် များကို Professional ကျကျတတ်မြောက်သည်အထိ လေ့လာသင်ကြားကြရန်လိုကြောင်း၊ မိမိ တတ်မြောက်ထားသည့် ဘာသာရပ်များကို လက်တွေ့နယ်ပယ်တွင်လည်း ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း။

မိမိ တာဝန်ထမ်းဆောင်ရာ နယ်မြေဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အင်ဂျင်နီယာ ဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ တွင်လည်း လိုအပ်လာပါက အပြည့်အဝကူညီပေးနိုင်ရန်လိုကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များအရ ပညာရပ်ဆိုင်ရာများ သင်ကြားပေးခြင်းဖြစ်သော်လည်း သစ္စာဓိဋ္ဌာန်လေးချက်ရွတ်ဆို၍ တပ်မတော်ယူနီဖောင်းဝတ်ထားသူများဖြစ်သဖြင့် တပ်မတော်၏ အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုကြောင်း၊ စည်းကမ်းကောင်း သော တပ်မတော်အမိန့်နာခံမှုကောင်းသော တပ်မတော်ဖြစ်၍ တပ်မတော်စတင်ဖွဲ့စည်းချိန် မှ ယနေ့အထိ နိုင်ငံတော် အပေါ် ကျရောက်လာသော ဘေးအန္တရာယ်အမျိုးမျိုးကို မားမားမတ်မတ်ဖြင့် ရပ်တည်ကာ ကာကွယ် ပေးနိုင်ခဲ့ကြောင်း၊ စည်းကမ်း၏ အခြေခံအချက်သည် လုပ်ဆောင်ရန် ရှိသည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး မလုပ်ဆောင်ရန် တားမြစ်ထားသည်ကို မလုပ်ဆောင်ရန်ပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး၊ လောင်းကစားကဲ့သို့ တားမြစ်ထားမှုများကို ကိုယ်တိုင်နှင့် မိသားစုများအပါအဝင် ကင်းရှင်းစွာနေထိုင်ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင် ရာတွင်လည်း မိမိ၏ကျောင်း ဂုဏ်သိက္ခာ၊ တပ်မတော် ဂုဏ်သိက္ခာကို စောင့်ထိန်းနိုင်ရန် ဥပဒေမဲ့လုပ်ရပ်များ မလုပ်မိစေရန်လိုကြောင်း။

အာဟာရမျှတစွာ နေထိုင်စားသောက်တတ်ရန်လို

ကျန်းမာရေးနှင့်ပတ်သက်၍ ရက်အလိုက်သတ်မှတ်ထားသော ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ငန်းစဉ် များကိုမပျက်မကွက် လုပ်ဆောင်ရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အာဟာရမျှတစွာနေထိုင်စား သောက်တတ်ရန်လိုအပ်သကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေသော ကွမ်း၊ ဆေးလိပ်၊ အရက်သေစာသောက်စားမှုများနှင့် အပျော်အပါးလိုက်စားမှုများ၊ မူးယစ်ဆေးဝါး ကိစ္စရပ်များကိုလည်း ရှောင်ကြဉ်ရန်လိုကြောင်း။

ယနေ့ကာလတွင် နိုင်ငံတော်ကို ၎င်းတို့ဩဇာခံအဖြစ် ၎င်းတို့အလိုကျနည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်ဝေဖန်လျက်ရှိကြောင်း၊ ရုပ်သေးအစိုးရဖြစ်ပေါ်လာစေရေး အကြမ်းဖက်မှုကိုအားပေးသော အဖွဲ့အစည်းကြီးအချို့၊ အကြမ်းဖက်မှုဟု အထောက်အထား ခိုင်လုံစွာရရှိသော်လည်း အဆိုပါအကြမ်းဖက်အဖွဲ့အစည်းအပေါ် ကွယ်ရာတစ်မျိုး၊ နိုင်ငံတကာ မျက်နှာစာတွင် တစ်မျိုး ပေါ်ပေါ်တင်တင် ဗြောင်ကျကျ အားပေးအားမြှောက်ပြုနေသူများကို နိုင်ငံကြီးအချို့က အားပေးအားမြှောက်ပြုနေကြောင်း၊ ၎င်းနိုင်ငံကြီးအချို့၏ ထောက်ပံ့မှုကို ရယူလျက် အချို့သော နိုင်ငံဖျက် မိုးလုံးမှိုင်း မုသာဝါဒီ မီဒီယာများကလည်း အလိမ်အညာ ဝါဒဖြန့်မှု များ ပြုလုပ်နေ၍ မိမိ၏မိသားစုများ နားယောင်မှုမရှိစေရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် စာကောင်းပေမွန်များဖတ်ရှုခြင်းနှင့် သတင်းမှန်များသိရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြရန်လိုကြောင်း။

စစ်စည်းကမ်း ချိုးဖောက်မှုအချို့တွင် ငွေကြေးဆိုင်ရာကိစ္စ ရပ်များတွေ့ရကြောင်း၊ စစ်သည် တော်တိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမည့် ကျင့်ဝတ်အပါး ၂၀ တွင်“ကိုယ့်ဝင်ငွေနှင့် ထွက်ငွေ ညီပါစေ”ဟု ပါဝင်သဖြင့် မိမိ၏ ဝင်ငွေနှင့် ထွက်ငွေမျှတစွာသုံးစွဲတတ်ရန်လိုပြီး လောင်းကစားကိစ္စ များတွင် မပတ်သက်မိအောင် နေထိုင်ကျင့်ကြံကြရန် လိုကြောင်း၊ ငွေကြေးကိစ္စ၊ လောင်းကစားကိစ္စ နှင့် အပျော်အပါးကိစ္စများမှ တစ်ဆင့်တပ်မတော်၏ လုံလေးလုံကိုလည်း အနည်းနှင့်အများဆိုသလို ထိခိုက်စေမှုကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း။

ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာကြောင်း၊ မိမိတတ်သိ ထားသည်နှင့် ရောင့်ရဲတင်းတိမ် မနေဘဲ ပိုမိုတတ်ကျွမ်းအောင် စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။

ပေးအပ်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နည်းပြများနှင့် သင်တန်းသားများအတွက် တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် နည်းပြများနှင့် သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment