Saturday, April 8, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာသင်္ကြန်အကြိုပွဲတော် ပါဝင်ဆင်နွှဲ

 


နေပြည်တော် ဧပြီ ၇

၂၀၂၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်ကို ယနေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုံညီခန်းမ ဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ၎င်းတို့၏ ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာတို့၏ ရိုးရာအစဉ်အလာအရ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော် အခါသမယတွင်ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့်အတူ အတာသင်္ကြန်ပွဲတော် ကျင်းပ ဆင်နွှဲနိုင်မှုအခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဌာန၏ရည်မှန်းချက် တာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယခုမဟာသင်္ကြန် ကာလ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် မိမိတို့၏ ပင်ပန်းနွမ်းနယ်မှုများအား အတာရေဖြင့် ပက်ဖျန်းကာ လန်းဆန်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရေး၊ နောင်လာမည့်နှစ်သစ်တွင် နိုင်ငံတော် အတွက် ပေးအပ်သည့်တာဝန်များကို စွမ်းအားပြည့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် နှစ်သစ်တွင် ဝန်ထမ်းများ အားလုံးချမ်းမြေ့ပျော်ရွှင်စွာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်ရေးနှစ်သစ် ဆုမွန်ကောင်းစကား ပြောကြားသည်။

ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့်ကပြ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ဝန်ထမ်များနှင့် မိသားစုများက သင်္ကြန်သီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အတာသင်္ကြန်ပွဲတော်ကို ရုံးအဆောက်အအုံရှေ့၌ ဆက်လက်ကျင်းပရာ တက် ရောက်လာကြသူများအား ဝန်ကြီး ရုံးနှင့် ဦးစီးဌာနများက စတုဒိသာစားသောက်ဖွယ်ရာများ ကျွေးမွေးကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတာရေဖြင့်ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment