Sunday, April 9, 2023

သာတူညီမျှ အေးအတူပူအမျှစိတ်ဓာတ်ကို အခြေခံသော ပေါင်းစည်းသောစွမ်းအားသည် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ဖြတ်ကျော်နိုင်

 


နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

 



အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ခေတ္တထိန်းသိမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် တပ်မတော်သည် အဖွဲ့စနစ်မှစတင်၍ အစုအဖွဲ့အလိုက် ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်ရသော အမျိုးသားရေးအင်အားစုကြီးဖြစ်၍ စည်းလုံးညီညွတ်မှုသည် အလွန်ပင်အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပေးအပ်သောတာဝန်များအရ ကြီးလေးသောနိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းတာဝန်ယူထားသည့်ကာလဖြစ်၍ နိုင်ငံ့အရေးအတွက် အားလုံးပိုမိုကြိုးပမ်း လုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လွတ်လပ်ရေးရပြီး ၇၅ နှစ်ကျော် ကာလအတွင်း တွေ့ကြုံခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ချိန်တိုင်းတွင်လည်း တပ်မတော်သည် နိုင်ငံအတွက် မားမားမတ်မတ်ရပ်တည်ခဲ့ကြောင်း။

ကာကွယ်နိုင်ခဲ့

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုတို့ကြောင့် တစ်ပြည်တည်းနေ တစ်ရေတည်းသောက် တစ်အူထုံ့ဆင်း သွေးချင်းများဖြစ်သော်လည်း တိုင်းရင်းသားရေး၊ အယူဝါဒရေး၊ ဘာသာရေးစသည်ဖြင့် အယူဝါဒအမျိုးမျိုး ကွဲပြားမှုများဖြစ်ပေါ်ခဲ့ရပြီး သွေးရင်းညီအစ်ကိုအချင်းချင်း သံသယများရှိလျက် စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော်လည်း စုစည်းညီညွတ်မှု ခိုင်မာအားကောင်းသော၊ စနစ်တကျဖွဲ့စည်းလေ့ကျင့်ထားသော၊ မျိုးချစ်စိတ်အရင်းခံ၍ မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ကြသူများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်မှပင် အဆိုပါ လက်နက်ကိုင်ပဋိပက္ခများ၊ ခွဲထွက်မည့်အန္တရာယ်များနှင့် လွတ်မြောက်နယ်မြေကြံစည်ခြင်းများအပြင် ရန်ကုန်အစိုးရဟုပင်ခေါ်ဆိုခံရ သည့်အခြေအနေမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိတို့ တပ်မတော်ရှိနေ၍လည်း တပ်မတော်အားနိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှားရန် အစဉ်အဆက် ကြိုးပမ်းမှုများခံခဲ့ရကြောင်း၊ ယနေ့အချိန်အခါတွင် ပို၍ပင်တပ်မတော်ပြိုကွဲရေးအား ကြိုးပမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ စစ်ရေးအရ ထိုးနှက်မှုများဆောင်ရွက်လာခဲ့ပြီး တပ်မတော်၏ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ဆောင်မှုများတွင်လည်း နိုင်ငံတကာ၏ အထင်လွဲမှားမှုနှင့် ဖိအားပေးမှုများဖြစ်ပေါ်စေရန် အကြမ်းဖက်အဖွဲ့များဖြင့် ကျေးရွာများကို မီးရှို့မှုအား တပ်မတော်မှ မီးရှို့သောအသွင်ဖြင့် လုပ်ဆောင်ကာ အကြမ်းဖက်အဖွဲ့များ၏ အုပ်စုလိုက် ရက်ရက်စက်စက် ဒလန် သတင်းပေးသတ်မှတ်၍ သတ်ဖြတ်မှုအပေါ်တွင်လည်း တပ်မတော်မှ သတ်ဖြတ်မှုအဖြစ်စွပ်စွဲ၍ တရားခံဖြစ်စေရေးစသည်ဖြင့် လူမှုကွန်ရက်များတွင် ဝါဒဖြန့်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ လုပ်ကြံအကျပ်ကိုင်မှုများကို စုစည်းညီညွတ်သော စွမ်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး တပ်တွင်းစည်းလုံးညီညွတ်မှုကို ရေပက်မဝင်သည့် စည်းလုံးမှုအဖြစ် ခိုင်မာကျစ်လျစ်အောင် ဆောင်ရွက်နေရန်လိုကြောင်း၊ သာတူညီမျှ အေးအတူပူအမျှ စိတ်ဓာတ်ကို အခြေခံသော ပေါင်းစည်းသော စွမ်းအားသည် မည်သည့် အန္တရာယ်ကိုမဆို ရင်ဆိုင်ဖြတ်ကျော်နိုင်မည်ဖြစ် ကြောင်း။

လေ့ကျင့်ရေးနှင့်ပတ်သက်၍ သတ်မှတ်ညွှန်ကြားထားသော လေကျင့်ရေးအချိန်ဇယားများနှင့် အညီ မပြတ်လေကျင့်နေရန်လိုကြောင်း၊ လေ့ကျင့်မှုကောင်းမွန်မှသာ တပ်ဆင်ပေးထားသည့် ခေတ်မီလက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်ပြီး ယုံကြည်မှုဖြင့် ရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တပ်ဆင်ပေးထားသော လက်နက် ကိရိယာများ၏ စွမ်းပကားကို သိရှိပြီး မှန်ကန်စွာဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း။

လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် မိသားစုအရေးအရာ ကိစ္စများအတွက် ကိုယ်ရောစိတ်ပါ ကျန်းမာ ကြံ့ခိုင်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ကိုယ်စိတ်ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များ၊ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များအဖြစ် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းလိုက်နာရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရေးအတွက် စာဖတ်ခြင်းသည် အကောင်းဆုံး အထောက်အကူပြုမှုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အကြီးအကဲ၏လမ်းညွှန်ချက်အရ ကလေးစာပေမှစ၍ စစ်ပညာ ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာနှင့် အထွေထွေဗဟုသုတဆိုင်ရာများ အပြင် သုတရသစုံလင်စွာဖြင့် နေ့စဉ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို တပ်များသို့အရောက် ထုတ်ဝေ ဖြန့်ချိပေးလျက်ရှိကြောင်း၊ ပုံမှန်ဖတ်ရှုလေ့လာ နိုင်ရေးတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားသည်။

ညှိနှိုင်းဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေများ၏ တစ်ဦးချင်းစီ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က ဒေသထွက်စားသောက်ဖွယ်ရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ပေးအပ်

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီးတို့က စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment