Sunday, April 9, 2023

စိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံစီးပွားမှာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်

 

နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးတင်ဦးလွင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆိုလာစနစ်သုံးရေတင်စနစ် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံသည်။





ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆင်သေချောင်း ယာယီရေထိန်းဆည် တည်ဆောက်ထားမှုနှင့် ဆိုလာရေတင် လုပ်ငန်းဆောင်ရွက်ပြီး ရေပေးဝေနေမှု၊ နိုင်ငံတစ်ဝန်း ရေထိန်းဆည်များ တည်ဆောက်၍ ဆိုလာစနစ်တွဲဖက်ပြီး ရေတင်လုပ်ငန်းများဆောင်ရွက်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိမှုကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း ငါးနှစ်တာကာလအတွင်း နွေစပါး၊ မိုးစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးမှုပြောင်းလဲ တိုးတက်လာမှုနှင့် ငါးနှစ်တာကာလအတွင်း ရေတင်၊ ရေသွင်းစိုက်ပျိုးမှုများ ပြောင်းလဲတိုးတက်လာမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ စိုက်ပျိုးရေများလုံလောက်စွာ ရရှိမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်ပြီး စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေရှိရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေး တောင်သူများနှင့်တွေ့ဆုံအမှာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ယူချိန် နောက်ပိုင်းတွင် အဓိကအားဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေး၌ စားရေရိက္ခာ ဖူလုံခြင်းအပြင် တရားဥပဒေစိုးမိုးခြင်း၊ အသိပညာအတတ်ပညာ ပေါကြွယ်ဝခြင်းတို့လည်း ပါဝင်ကြောင်း၊ အဆိုပါအချက်များကို ပေါင်းစပ်ဆောင်ရွက်မှသာ တိုင်းပြည်သာယာဝပြောခြင်း အကျိုးကိုခံစားနိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင် နှုန်းခန့်မှာ ကျေးလက်တွင်နေထိုင် ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ မြို့ပေါ်တွင်နေထိုင်သူများမှအချို့မှာလည်း ဥယျာဉ်ခြံ မြေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံစီးပွားမှာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း။

လူတစ်ဦးအနေဖြင့် စားသောက်နေထိုင်ရေးအတွက် အရေးကြီးလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့်နိုင်ငံ ဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမဖြစ်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေ များစွာရှိပြီး လယ်ဧက စုစုပေါင်း ၁၃ သန်း၊ ယာမြေဧက ငါးသိန်း ကိုးသောင်းကျော်နှင့် တောင်ယာဧက သုံးသိန်းကျော် ရှိကြောင်း၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်နှင့် အခြားစိုက်ပျိုးမြေ ၁၄ သန်းရှိကြောင်း၊ အခြားမြေများတွင် စိုက်ပျိုးထားမှုမှာလည်း ခြောက်သိန်းလေးသောင်း ကျော်ရှိကြောင်း၊ စိုက်ပျိုးမြေများ ကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်မှုမရှိသဖြင့် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်မှု နည်းပါးနေသေးကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်ရေသည် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေရရှိရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။

နေပြည်တော်တွင် မိုးရွာရက်များနည်းပါးလာမှုကြောင့် ဆည်များသို့ ရေဝင်ရောက်မှုနည်းပါး လာကြောင်း၊ အလားတူ ရေသုံးစွဲ မှုများကိုလည်း စနစ်တကျ အသုံးမချဘဲ အဟောသိကံသုံးစွဲမှုများကြောင့် ရေများလျော့နည်းလာ သည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် အမြဲမပြတ် နည်းလမ်းရှာဖွေဆောင် ရွက်လျက်ရှိကြောင်း၊ သဘာဝမှ ရရှိသည့် မြစ်ချောင်းရေ၊ မိုးရေနှင့်ဆည်ရေ စသည့်သုံးမျိုးရှိကြောင်း၊ ရေကို အသုံးချရာတွင်လည်း လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲရန်လိုကြောင်း၊ ရေအသုံးချ မှုနှင့်ပတ်သက်၍လည်း ရုပ်မြင်သံကြားအစီအစဉ်များနှင့် အခြားနည်းလမ်းများဖြင့် ပြည်သူများ အသိရှိစေရေး ဖော်ပြရန်လိုကြောင်း၊ ရေအသုံးချမှုနှင့် ပတ်သက်၍ အစက်ချစနစ်၊ ရေပိုက်ဖြင့် သွယ်တန်းအသုံးပြု ခြင်းစနစ်ဖြင့် အသုံးပြုမည်ဆိုပါက ရေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး သင်တန်းကျောင်းများတွင် ရေသုံးစွဲမှုဘာသာရပ်များကို သင်ကြားပို့ချရန် စီမံဆောင်ရွက် လျက်ရှိကြောင်း။

ရေလိုအပ်ချက်ရှိ

ရေရရှိရေး ဆောင်ရွက်ရာတွင် ခြောက်သွေ့သည့် နွေရာသီအချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေလိုအပ်ချက်ရှိကြောင်း၊ အဆိုပါလိုအပ်သည့် ရေများရရှိရေးအတွက် မြစ်ချောင်းများမှရယူခြင်း၊ ဆည်ရေများမှ ရယူခြင်းနှင့် မြေအောက်ရေမှ ရယူအသုံးပြု ခြင်းများရှိကြောင်း၊ ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နွေရာသီကာလဖြစ်သဖြင့် နေရောင် ခြည်စွမ်းအင်သုံးလျှပ်စစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချနိုင်သဖြင့် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနများကို တာဝန်ပေးပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆိုလာစက်ရုံများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

နေရောင်ခြည် စွမ်းအင်သုံး ရေတင်လုပ်ငန်းများကို အသုံးချပြီး သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်း များကို ဆောင်ရွက်နိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အကျိုးအမြတ်များဖြင့် ဆိုလာစနစ် အသုံးပြုခြင်းအတွက် ကုန်ကျမှုများကို ပြန်လည်ရရှိလာ စေမည်ဖြစ်ကြောင်း၊ ရေတင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချောင်းများနှင့် ရေမြောင်းများကို ယာယီရေထိန်းဆည်များဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ချောင်းများ၏ ဘေးဘက်များတွင် ရေဝေရေလဲဖြစ်စေမည့် သစ်ပင်များ စိုက်ပျိုးရန်လိုကြောင်း၊ တောမီးများရှို့ခြင်း၊ တောမီး လောင်ခြင်းနှင့် လယ်ယာများအတွင်း မီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းများကြောင့် လေထုညစ်ညမ်းမှုများကို ဖြစ်စေပြီး ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာများ ရရှိရေးအတွက် လယ်ယာထွက် စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းထက် အခြားနည်းလမ်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပတ်ဝန်းကျင်ကို ဖန်တီးရန်လိုကြောင်း၊ သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစေရေး ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးရရှိမှုမရှိသည့် ဒေသများတွင် ထင်းမီးများဖြင့် ချက်ပြုတ်ခြင်းကို ဆောင်ရွက်ကြကြောင်း၊ မိမိတို့နိုင်ငံ၏ သစ်တော ပြုန်းတီးမှုမှာ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ရှစ်ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း၊ ထို့ကြောင့် ရေခန်းခြောက်မှု မရှိစေရန်အတွက် သစ်ပင်သစ်တောများကို ထိန်းသိမ်းထားရန်လိုကြောင်း။

စနစ်တကျ ထိန်းသိမ်း

မြေအောက်ရေ သုံးစွဲမှုနှင့်ပတ်သက်၍လည်း ရေဝေရေလဲ သစ်တောသစ်ပင်များ စိုက်ပျိုး၍ ရေကိုစနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ မိုးရွာသွန်းသည့်အချိန်တွင် ရရှိသည့်ရေများကိုလည်း စနစ်တကျ ထိန်းသိမ်းသိုလှောင်ပြီး သုံးစွဲကြရန်လိုကြောင်း၊ ချောင်းခြောက်၊ မြောင်းခြောက်တို့တွင်လည်းရေကို ထိန်းသိမ်းသိုလှောင်သည့်နည်းဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက မြေအောက်ရေကို ရရှိနိုင်ကြောင်း၊ ရေကိုရရှိရန်အတွက် လူကဖန်တီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေကိုထိန်းသိမ်းဆောင်ရွက် နိုင်မည်ဆိုပါက စိုက်ပျိုးရေနှင့် သောက်သုံးရေများကို လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေလုံလောက်စွာ ရရှိမည်ဆိုပါက သီးထပ်စိုက်ပျိုး ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သီးနှံများ ပိုမိုထွက်ရှိ လာမည်ဆိုပါက တောင်သူများ ဝင်ငွေတိုးတက်လာမည် ဖြစ်သကဲ့သို့ တိုင်းပြည်အတွက် စားရေရိက္ခာသည်လည်း တိုးတက်လာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သဖြင့် နိုင်ငံဝင်ငွေ တိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သီးထပ်စွမ်းအားများ ကောင်းမွန်လာအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

နေကြာစိုက်ပျိုးမှု တိုးတက်ရေး

မိမိတို့နိုင်ငံတွင် စားသုံးဆီဖူလုံ မှုမရှိခြင်းကြောင့် ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း၊ နိုင်ငံ အတွင်း၌ ဆီထွက်သီးနှံများ စိုက်ပျိုးလျက် ရှိသော်လည်း ပြည်တွင်း ဆီဖူလုံမှုမရှိကြောင်း၊ ထို့ကြောင့် ဆီဖူလုံမှုရှိစေရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပိုမိုတိုးတက် လာစေရေးဆောင်ရွက်ရန်လိုကြောင်း၊ စနစ်တကျစိုက်ပျိုးမည် ဆိုပါကပန်းတိုင်ရည်မှန်းချက်များ ပြည့်မီလာမည်ဖြစ်ပြီး ဆီဖူလုံမှုများ ရှိလာမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နေကြာဆီစားသုံးမှု နည်းပါးကြောင်း၊ နေကြာကိုပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီးအထွက်နှုန်း ကောင်းမွန်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နေကြာစိုက်ပျိုးမှု တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များကို တာဝန်ပေးဆောင်ရွက် ထားကြောင်း၊ တပ်ကုန်းဒေသတွင် နေကြာစိုက်ပျိုးမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည် ဆိုပါက နေပြည်တော်သည် ဆီအိုးကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်ရေရှိရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက် နေခြင်းဖြစ်ကြောင်း။

သဘာဝမြေဩဇာများ ထုတ်လုပ်

စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် မျိုးကောင်းရန်၊ မြေဩဇာလုံလောက်စွာ ရရှိရန်၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန် လိုကြောင်း၊ အဆိုပါ လေးချက်ကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဆိုပါက ပန်းတိုင်ရည်မှန်းချက် များ ပြည့်မီလာမည်ဖြစ်ကြောင်း၊ ရေနှင့်မြေကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မည်ဆိုပါက တပ်ကုန်းဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံရှိ ဓာတ်မြေဩဇာစက်ရုံများကို ပြန်လည် လည်ပတ်နိုင်ရေးစီမံဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပမှဓာတ်မြေဩဇာ တင်သွင်းမှုကို လျှော့ချနိုင်ရန်အတွက် သဘာဝမြေဩဇာများ ထုတ်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူခြင်းမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးချရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒွန်တွဲသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ အသားထုတ်လုပ်ခြင်းနှင့် နို့ထုတ် လုပ်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ တပ်ကုန်းမြို့နယ်တွင်း မွေးမြူရေးဇုန်ရှိပြီးဖြစ်သဖြင့် မွေးမြူရေးကို စံပြအဖြစ်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ မိမိတို့ဒေသအတွက် ဂုဏ်ယူကြစေလိုကြောင်း။

မြေကိုတန်ဖိုးထား

မြေနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းလမ်းများဖြင့် အသုံးပြုနေကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေး ဆင်ခြင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ကြောင့် မြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် မိမိတို့မြေကို တန်ဖိုးထားဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း မြေယာဥပဒေဖြင့် စနစ်တကျကိုင်တွယ်ကြပ်မတ်ရန်လိုကြောင်း၊ တပ်ကုန်းဒေသရှိ စိုက်ပျိုးမွေးမြူရေးတောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ခြင်းသည် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းပင် ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာရှိကြောင်း၊ မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းထက် မြေပေါ်သယံဇာတဖြစ် သည့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နည်းစနစ်တကျ ဆောင်ရွက်မည်ဆိုပါက လုပ်ငန်း များအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးကအသိရှိရှိဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး စိုက်ပျိုးရေးတောင်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံ‌တော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှားတောဆိုလာစနစ်ရေတင် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဆိုလာရေတင်စနစ်သည် စိုက်ပျိုး ရေလိုအပ်သည့် ဒေသများတွက် များစွာအကျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် ဆိုလာရေတင်စနစ်ကို တောင်သူများကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂွေးပင်(စံပြ)ကျေးရွာ စနစ်တကျ လယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စိုက်ပျိုး‌ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးထပ် စွမ်းအားများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ အလားတူ ခေတ်မီစက်ကိရိယာများဖြင့် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း များကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လွယ်ကူလျင်မြန်စွာဖြင့် ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း အဓိကအမာခံသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ နေကြာ စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိ နိုင်မည်ဖြစ်ကြောင်း၊ သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့် နိုင်ငံ ဖြစ်သဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်ငန်းများ တိုးတက် လာမည်ဖြစ်ပြီး ထွက်ရှိလာသည့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်သဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူပြု စေမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment