Sunday, April 9, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ် (တောင်ပိုင်း) ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုသွား ရောက်ကြည့်ရှုစစ်ဆေးသည်။

 



 




လိုက်လံကြည့်ရှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဗထူးမြို့ရှိ တပ်မတော်ဆေးရုံသို့ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါအခြေ အနေများအား မေးမြန်းအားပေး စကား ပြောကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် အမျိုး သမီးနှင့်ကလေးကုသဆောင်သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့‌သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် အလှူငွေများကိုပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူသည်။

ယင်းနောက် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)နှင့် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင် ကျောင်းတို့မှ ကျောင်းအုပ်ကြီးများက သင်တန်းကျောင်းများအလိုက် လေ့ကျင့်သင်ကြားပို့ချမှုဆိုင်ရာကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်း၍ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စိုက်ပျိုးမွေးမြူရေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူ ရေးဇုန်စုစုပေါင်း ၅၅ ဧက တည်‌ဆောက်ထားရှိမှုအခြေအနေ၊ ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံစိုက်ပျိုးထားရှိမှုများ၊ Green House အတွင်း စိုက်ပျိုးထားရှိမှုများနှင့် ကျောက်စိမ်းတစ်သျှူးငှက်ပျော (သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ DYL မျိုးမြင့် သားပေါက်ဝက်များနှင့် မြေစိုက်ရေခံအဆောက်အအုံနှင့် လေလုံအအေးပေးအဆောက်အအုံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် လမ်းညွှန်ချက် အတိုင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်အသား၊ ငါး၊ အသီးအရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာရရှနိုင်ရန်နှင့် ပိုလျှံပါက နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာ‌ချောင်ချိရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ မရပ်မနား ကြိုးပမ်းဆောင်ရွက်သွားရန်၊ သုတေသနပြုလုပ်ထားသည့် မျိုးစေ့များနှင့် ဝက်မျိုးသန့် မျိုးကောင်းများကို တပ်မတော်တစ်ရက်လုံးဖြန့်ဝေနိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန် နှင့် ဘရာမင် အသားတိုးနွား မျိုးချောင်း သုတေသနလုပ်ငန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။           

အပိုဝင်ငွေ ရရှိနိုင်

ယင်းနောက် စိုက်ပျိုးမွေးမြူ ရေးဇုန်အတွင်း ရွှေဖရုံ၊ ဘူး၊ တိုင် ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်းနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များက မျိုးစေ့တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ငွေကျပ် ၂၀၀၀ ခန့်သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း၊ ရောင်းချသည့်မျိုးစေ့မှ မိသားစုများအကျိုးအမြတ်များစွာ ရရှိစေခြင်း၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့အားလုံးသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဝေနိုင်ရေး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ပေးထားသည့် မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရေးတပ်နှင့် ညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါဇုန်အတွင်း စိုက်ပျိုးထားရှိသည့် ခရမ်းမျိုးစိတ်မှာ ဒေသမျိုးရင်းဖြစ်ပြီး ပျိုးသက်အနေဖြင့် ရက်ပေါင်း ၃၀ မှ ၄၀ ခန့် ကြာမြင့်ကာ စိုက်ပျိုးပြီးသုံးလအတွင်း စတင်အသီးသီးကြောင်း၊ ခရမ်းပင်သီးနှုန်းမှာ တစ်ပင်လျှင် ပျမ်းမျှ ၁၅ လုံးမှ အလုံး၂၀ (ငါးပိဿာခန့်)ရှိပြီး ခရမ်းသီးတစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ငွေကျပ် ၁၀၀၀ ရှိကြောင်း၊ အလားတူ ငရုတ် မျိုးထုပ်တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ ရှိပြီး မျိုးစေ့ ၁၀၀၀ ခန့် ပါဝင်ကာ ငွေကျပ် ၅၀၀ ကုန်ကျခံပါက စစ်သည် ခြောက်ခန်းတွဲ လိုင်းတစ်လိုင်းအတွက် လုံလောက်ဖူလုံသည့်အပြင် ပိုလျှံငရုတ်သီးများကို ရောင်းချနိုင်သဖြင့် အပိုဝင် ငွေ ရရှိနိုင်ကြောင်း၊ ငရုတ်တစ်ပင် မှ ငရုတ်သီးခန့်မှန်း ၁၀ ကျပ်သား ခန့်ထွက်ရှိပြီး ငရုတ်မျိုးစေ့ တစ် ထုတ်လျှင် ခန့်မှန်း ပိဿာ ၇၀ ခန့်ရရှိမည်ဖြစ်ရာ ငရုတ်သီးအစိုတစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ခန့် ရရှိနိုင်သဖြင့် အမှန်တကယ်ဖြစ် ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ပါက ကုန်ကျစရိတ်နုတ်ပြီး ငွေကျပ် ၄၀၀၀၀၀ ကျော်ခန့် အမြတ်ရ၍ ဗထူးတပ်နယ်မိသားစုများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိနေကြ ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်း အတွက် များစွာအကျိုးဖြစ်ထွန်းကြောင်း သိရသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက် ရေးကျောင်း(ဗထူး)ပေါင်းစည်း လယ်ယာ(ဗထူးစမ်း)သို့ သွားရောက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော်တမံအသေးတည်ဆောက်လျက် လယ်မြေသစ် များဖော်ထုတ်၍ ၎င်းလယ်မြေများတွင် အာလူး တစ်ဧကနှင့် နွေစပါး ရှစ်ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာတပ်မတော်(ကြည်း)တိုက်ခိုက် ရေးကျောင်း(ဗထူး)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာစနစ် စိုက်ပျိုး/မွေးမြူရေးခြံသို့သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်တန်းရှိ ရာသီသီးနှံစိုက်ခင်းများ၊ နို့စားနွားနှင့် ဝက် မွေးမြူရေးခြံများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment