Saturday, April 1, 2023

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း

 


နေပြည်တော် မတ် ၃၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကျင်းပသည့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်း စေရေးဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ဌာနကြီးမှူးများက ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများသက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မီတာခများ ကောက်ခံရရှိမှုနှင့်ပတ်သက်၍ ကျန်ရှိနေသည့် မီတာခကြွေးကျန်များကို ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ အသက်အန္တရာယ်လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေးနှင့် မသမာမှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် Losses များနေသည့် မြို့နယ်များတွင်လည်း Losses ကျဆင်းစေရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖျက်ဆီးခံရမှုမရှိစေရန် လုံခြုံရေးပြည့်ပြည့်ဝဝရရှိစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ တင်ပြဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ်အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်သကဲ့သို့ ဝန်ထမ်းများ နှင့်အနီးကပ်ရှိနေသော တာဝန်ရှိသူများကလည်းလိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကိုအတူ တကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment