Saturday, April 1, 2023

အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲကျင်းပ

 


နေပြည်တော် မတ် ၃၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံ ကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ရုံးစာများ ကွန်ပျူတာစာစီရာတွင်အသုံးဝင်သည့် အခြေခံ Microsoft Word, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရုံးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိ ရောက်ရောက်ပြန်လည်အသုံးချရန်လိုကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် IT ခေတ်ဖြစ်သည့်အတွက် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် မိမိတို့၏ အရည်အချင်းများ အစဉ်တိုးတက်နေအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များနှင့် ဗဟုသုတများကို လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို ပြန်လည်မျှဝေပြီး မိမိဌာနတိုးတက်ရေးအတွက် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ နိုင်ငံတော်ကအားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက သင်တန်းသား သင်တန်းသူနှစ်ဦးအား သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

သင်တန်းဆင်းပွဲသို့ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို မတ် ၂၀ ရက်မှ ၃၁ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment