Saturday, April 8, 2023

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲ ကျင်းပ

 


နေပြည်တော် ဧပြီ ၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသော ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို သင်္ကြန်ရေစင်များပက်ဖျန်း၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ဆက်လက်၍ ဝန်ထမ်းများ သင်္ကြန်ယိမ်းအက ပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဌာနကိုယ်စားပြု စုစုပေါင်းယိမ်းအဖွဲ့ ၂၀ တို့က ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ မိမိတို့ မဏ္ဍပ်များအလိုက် သင်္ကြန်စတုဒိသာ ကျွေးမွေးဧည့်ခံကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီးပြိုင်ပွဲတွင် ပထမဆုရရှိသော အကောက်ခွန်ဦးစီးဌာန၊ ဒုတိယဆုရရှိသော ပြည်တွင်း အခွန်များ ဦးစီးဌာန၊ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်-၂၆)၊ စတုတ္ထဆုရရှိသော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပဉ္စမဆုရရှိသော စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနနှင့် နှစ် သိမ့်ဆုရရှိသော ကျန်ဌာနများကို ဆုများချီးမြှင့်ကြသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများသင်္ကြန်ယိမ်းအကပြိုင်ပွဲကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအား ချစ်ခင်မြတ်နိုး ထိန်းသိမ်းနိုင်ကြစေရန်၊ ရာသီပွဲတော်အဖြစ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြစေရန်နှင့် မြန်မာ့ နှစ်သစ်ကိုကြိုဆိုပြီး အားမာန်အပြည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံ့တာဝန်များကို ကြိုးပမ်း ထမ်းဆောင်ကြစေရန် ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment