Saturday, April 8, 2023

ငွေသားကိုင်ဆောင်အသုံးပြုမှုနည်းသည့် ငွေရေးကြေးရေးစနစ် ဖော်ဆောင်နိုင်စေရန် ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်မည်

နေပြည်တော် ဧပြီ ၇

နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

တိုးချဲ့ဆောင်ရွက်

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နေပြည်တော်ရှိ အရာထမ်းများ၏ လစာငွေများ ကို မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များ၏ ATM စက်များမှ ATM ကတ် များဖြင့်ထုတ်ယူခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လက်လီ ငွေပေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငွေသားကိုင်ဆောင်အသုံးပြုမှုနည်းသည့် ငွေရေးကြေးရေးစနစ် ဖော်ဆောင်နိုင်စေရန်နှင့် ATM ကိုင်ဆောင်သူများအနေဖြင့် ATM ငွေထုတ်ကတ်များဖြင့် ငွေပေးချေမှု ဆောင်ရွက်ခြင်းကို အကျွမ်းတဝင်ဖြစ်လာစေရန် ရည်ရွယ်၍ ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း။

နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစိုးရဌာနအဖွဲ့အစည်းများ၌ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ ATM စက်များ တပ်ဆင်ထားခြင်းမရှိသေးသည့် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ အစည်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ATM စက်များကို တပ်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များတပ်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်တပ်ဆင်မည့်နေရာသတ်မှတ်ပေးခြင်း၊ လျှပ်စစ်မီးလိုင်းနှင့် အင်တာနက်လိုင်းများ သွယ်တန်းနိုင်ရေးဆောင်ရွက်ခြင်းတို့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ATM စက်များ ဖြန့်ခွဲ ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်၊ ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အကြံပြုဆွေးနွေး

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်ဆွေးနွေးမှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment