Saturday, April 29, 2023

ပင်လယ်ပြင် ငါးသယံဇာတများ ရေရှည်စားသုံးနိုင်ရန် ထိန်းသိမ်း

 



ယခုနှစ် မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရရာသီကို ဧပြီ၊ မေနှင့် ဇွန်လအထိ သုံးလတာကာလ သတ်မှတ်ထားသည်။ ငါးသယံဇာတကို ထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ စားသုံးနိုင်ရေးအတွက် ရည်ရွယ်ကာ ငါးမဖမ်းရရာသီကို နှစ်စဉ်သတ်မှတ်ပေးနေခြင်းဖြစ်သည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူအားလုံးက လိုက်နာကြရမည် ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင် ‌ဂေဟစနစ်နှင့် ငါးသယံဇာတအခြေအနေနှင့် စပ်လျဉ်း၍ နော်ဝေသုတေသနရေယာဉ်ဖြင့် သုတေသနပြု လေ့လာတွေ့ရှိချက်များအရ မြန်မာ့ပင်လယ်ပြင်၏ ငါးသယံဇာတမှာ သိသာစွာ လျော့နည်းကျဆင်းပြီး ထိရောက်စွာ ထိန်းသိမ်းရန်လိုအပ်လျက်ရှိသည်။ ငါးမဖမ်းရရာသီ သုံးလသတ်မှတ်ခြင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ငါးဖမ်းဆီးခွင့် လုံးဝပိတ်ပင်လိုက်ခြင်း မဟုတ်ဘဲ ရာခိုင်နှုန်းအလိုက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၅၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၃၀ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းဆီးခွင့် ၂၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ရာ ငါးသယံဇာတအခြေအနေ ပိုမိုထူးခြားကောင်းမွန်လာခြင်းမရှိဘဲ ၂၀၁၈-၂၀၁၉ ရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရာနှုန်းပြည့် စတင်ပိတ်ပင်တားမြစ်ခဲ့ရာ ရာသီပြန်ဖွင့်ချိန်တွင် ငါးအထိအမိကောင်းခဲ့သလို အရွယ်အစားအားဖြင့်လည်း စံချိန်မီငါးများကို ရရှိခဲ့သည်။

ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းသည် သဘာဝအလျောက် ငါးများပေါက်ပွားစေခြင်းဖြင့် ငါးသယံဇာတ မပြုန်းတီးအောင် ထိန်းသိမ်းခြင်းပင်ဖြစ်ရာ မျိုးပွားမည့် ငါးကြီးများကိုထိန်းသိမ်းခြင်း၊ ဥဆောင်ချိန်၊ ဥဥချိန်၊ သားပေါက်ချိန်၊ သားပေါက်များ ကြီးပြင်းချိန်တို့တွင် ငါးဖမ်းဆီးခြင်း မပြုမှသာ ငါးသယံဇာတ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ ငါးမဖမ်းရ ရာသီကာလအတွင်း လုပ်ငန်းများလုပ်ကိုင်မှုမရှိစေ ရေးအတွက် ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များ၊ ကျားဖောင်လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများက တွေ့ဆုံပညာပေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ရေလုပ်ငန်းရှင်အားလုံးက ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ တိကျစွာလိုက်နာခြင်းဖြင့် ပင်လယ်ပြင် ငါးသယံဇာတ များကို ထိန်းသိမ်းနိုင်ပြီး စဉ်ဆက်မပြတ်ထုတ်ယူ စားသုံးနိုင်ကြမည်ဖြစ်သည်။

ပင်လယ်ပြင်တွင် ငါးသယံဇာတများ လျော့နည်းကျဆင်းရခြင်းသည် ရာသီဥတုပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကြောင့်ဖြစ်သလို ငါးပုစွန်များကို အလွန်အကျွံ ဖမ်းဆီးခြင်းကြောင့်လည်း ပါဝင်သည်။ အလွန်အကျွံ ဖမ်းဆီးသည်ဟုဆိုရာတွင် မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း၊ ရာသီချိန်ခါမရွေး ငါးဖမ်းပိုက်အရွယ်အစားအမျိုးမျိုးတို့ဖြင့် ရသမျှအကုန် ဖမ်းဆီးခြင်း စသည်တို့ဖြစ်ပြီး စည်းကမ်းမဲ့စွာ ဖမ်းဆီးခြင်းကြောင့် မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတလျော့နည်းကျဆင်းမှုမှာ စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။ ငါးမဖမ်း ရ သတ်မှတ်ရာသီတွင် ရာခိုင်နှုန်းပြည့် မဖမ်းဆီးဘဲ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြင့် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို သိရှိကြပြီးဖြစ်ရာ ရေလုပ်ငန်းရှင်များအားလုံး မိမိတို့အကျိုး၊ နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် ငါးသယံဇာတ ရေရှည်တည်တံ့အောင် ပါဝင်ထိန်းသိမ်းကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment