Saturday, April 29, 2023

နိုင်ငံတော်အနာဂတ်အတွက် ပညာရေးကဏ္ဍဘက်စုံမြှင့်တင်

 



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဟု ခံယူထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်၏ နောက်ဆုံးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဟူသည့်အချက်ကို ချမှတ်ထားသည်။

အဆိုပါ နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဘက်စုံမြင့်မားတိုးတက်လာစေရန်အတွက် ပညာရေးဆိုင်ရာ သုတေသနပြုလေ့လာသုံးသပ်ချက်များအရ ဆွေးနွေးအဖြေရှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၆)ရပ်ကို ချမှတ်ပေးထားပြီး ယခုအခါ သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပထမအချက်တွင် ပညာရေး တန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်ဖြစ်သည်။ ဒုတိယအချက်တွင် KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးက ဆောင်ရွက်ရန်ဖြစ်သည်။ တတိယအချက်တွင် အသက်မွေးဝမ်းကျောင်းပညာရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြား ပေးရန်ဖြစ်သည်။ စတုတ္ထအချက်တွင် လုပ်ငန်းခွင်၌ လက်တွေ့အသုံးကျမည့် ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်သည်။ ပဉ္စမအချက်တွင် အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်ဖြစ်သည်။ ဆဋ္ဌမအချက်တွင် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ်ရန်တို့အပြင် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိလာစေရန်တို့ကို အကောင်အထည် ဖော်ဆောင်ရေးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြောင်းလဲလာသော ခေတ်အခြေအနေအရ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လာသောကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးသည်အထိ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေသည်။ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရေးနှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 အထိ မသင်မနေရပညာရေးစနစ်သည် နိုင်ငံတော်အစိုးရ၏ ပညာရေးရည်မှန်းချက် ဖြစ်သည်။ အနည်းဆုံး KG+9 အဆင့်ပြီးမြောက်မှသာ ပညာအခြေခံရသွားမည်ဖြစ်ရာ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများတွင် ဆက်လက်တက်ရောက်၍ ပညာဆည်းပူးနိုင်မည်ဖြစ်သည်။

ထို့အပြင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်သည့်အတွက် ကျေးလက်စီးပွားရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန် လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက် အထက်တန်းကျောင်း ၅၁ ကျောင်းကို ခရိုင် ၅၀ တွင် ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်ပညာရေး အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အခြေခံပညာ(အထက်တန်း)၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ စသည့်ပညာရေးလမ်းသွယ် လေးမျိုးသင်ယူနိုင်မည့် အခွင့်အလမ်းများကိုရရှိနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူစွာရရှိလာမည်ဖြစ်သည်။ ပညာရည်ထူးချွန်ထက်မြက်သူများအဖို့ ဝါသနာပါရာ အဆင့်မြင့်ပညာများကို သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်၍ ပညာဆည်းပူး နိုင်မည်ဖြစ်သဖြင့် မိမိတို့ဘဝအတွက်၊ နိုင်ငံတော်အတွက် ရရှိထားသော အခွင့်အလမ်းများကို မလွတ်တမ်း ရယူကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အနာဂတ်အတွက်နှင့် မျိုးဆက်သစ်များ၏ အနာဂတ်အတွက် ပညာရေးကဏ္ဍတွင် အခြေခံအုတ်မြစ်ကို ခိုင်မာစွာစိုက်ထူပေးလျက်ရှိရာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက် ရေးအတွက် ဘက်စုံပညာရေးကဏ္ဍမှ ပေါ်ထွက်လာမည့် လူ့စွမ်းအားအရင်းအမြစ် စွမ်းပကားများဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment