Friday, April 28, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ လာရောက်လေ့လာဖူးမြော် ကြည်ညို

 

နေပြည်တော် ဧပြီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိထ္ထီလာမြို့၊ အသောကာရုံရေလည်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တလာဘာဝတနှင့် ကျောက်ဆည်မြို့၊ ဧရာဝတီပရိယတ္တိစာသင်တိုက် နိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်းသံဃာ(၁၀၃)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြှော် ကြည်ညိုကြသည်။





ဦးစွာ ရှင်းလင်းဆောင်၌ ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့်ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော်ခြင်းနှင့်ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment