ပုသိမ် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး(၆)ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ဝန်ထမ်းအိမ်ရာသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူ မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဝန်ထမ်းအိမ်ရာသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး(၆)ခန်းတွဲ(၂)ထပ်ဝန်ထမ်းအိမ်ရာသစ်အား ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် နှစ်သစ်ကူးအခါသမယတွင် အိမ်ရာသစ်၌ ဝန်ထမ်းမိသားစု(၁၂)စု နေထိုင်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ပေးနိုင်သည့်အတွက် အိမ်ရာလိုအပ်ချက်များကိုလည်း အထိုက်အလျောက်ဖြည့်ဆည်း ပေးနိုင်မှာဖြစ်ပါကြောင်းနှင့် ရုံးဝန်းအတွင်း ဆောက်လုပ်ပေးထားသဖြင့် သွားလာရေးအတွက် အချိန်ပေးစရာမလိုဘဲ လုပ်ငန်းတာဝန်များကို ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ အိမ်ရာ၌ နေထိုင်ကြသည့် ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင်အိမ်ရာ သဖွယ်သဘောထား၍ ထိခိုက်ပျက်စီးမှုမရှိအောင် စနစ်တကျ နေထိုင်သွားရန်နှင့် အိမ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်အောင် သန့်ရှင်းသာယာလှပအောင် အမြဲဆောင်ရွက် နေထိုင်သွားကြရန် မှာကြားလိုပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး တည်ဆောက်ရေးလုပ်ငန်းများနှင့် ရှင်းလင်းတင်ပြပြီးနောက် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လွှတ်တော်ရုံး ဝန်ထမ်းများ၏ အကဖြင့်ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလုံလေလုံအားကစားရုံ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ကာလတွင် အားကစားနည်း စနစ်များအား စနစ်တကျသင်ကြားတတ်မြောက်နိုင်ရန်နှင့် ဝါသနာပါသည့်အားကစားနည်း တွင်ထက်မြက်ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ဖြစ်စေရန်ရည်ရွယ်၍ အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ငယ်စဉ်ကာလကပင် စနစ်တကျ တတ်မြောက်သွားပါက မိမိတို့၏ အသက်အရွယ် ခန္တာကိုယ်ဖွံ့ဖြိုးလာသည့်အချိန်၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ အဆင့်အားကစားပြိုင်ပွဲများ၌ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ဖြစ်စေရန်ရည်ရွယ်၍ သင်တန်းများပို့ချဖွင့်လှစ်ခြင်းလည်း ဖြစ်ပါကြောင်း၊ သင်္ကြန်ကာလနောက်ပိုင်း၌လည်း သင်တန်းများဆက်လက်ဖွင့်ရန် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် အားကစားနည်း(၉)မျိုးအား ထည့်သွင်းသင်ကြားပေးခဲ့ပြီး ထူးချွန်ထက်မြက်သည့် အခြေခံပညာကျောင်း လက်ရွေးစင်၊ အဆင့်မြင့်ပညာများဖြစ်သည့် တက္ကသိုလ်နှင့် ကောလိပ်အသီးသီး၏ လက်ရွေးစင်များ၊ တိုင်းဒေသကြီးလက်ရွေးစင်များ ထွက်ပေါ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းလည်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ကာလအားဖြင့် တိုတောင်းသော်လည်း မိမိတို့ ဝါသနာပါသည့် အားကစားနည်းစနစ်များအား အခြေခံမှစနစ်တကျသင်ကြားပေးခြင်းဖြစ်၍ လာရောက်သင်ကြားသည့် လူငယ်များအနေဖြင့် အားကစားနည်းစနစ်များအား စိတ်ပါဝင်စားစွာဖြင့် သင်ကြားတတ်မြောက်ပါစေကြောင်း” တိုက်တွန်းအမှာ စကားပြောကြားသည်။
ထို့နောက် ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ တိုက်ကွမ်ဒို ၊မြန်မာ့သိုင်း၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စစ်တုရင်အားကစားအဖွဲ့များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့သိုင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့များ၏ သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမား ပေါ်ထွက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့် နိုင်ငံအတွက် အားထားရသော လက်ရွေးစင် အားကစားသမားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့မှ ယခုလ ၅ ရက်နေ့အထိ ၁ လကြာဖွင့်လှစ်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူ ၂၃၄ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment