ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌ မဟာမင်္ဂလာ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌ မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာတော်အရှင်သူမြတ်များကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများအား ကြည်ညိုအားပေးခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌမဟာမင်္ဂလာ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ချီးမြှင့် အလှူခံရရှိတော်မူသော ဟင်္သာတမြို့၊ ဘိုးသိန်းတန်ပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ အရှင်သူမြတ်က သမ္မောဒနီယကထာ ချီးမြှင့်တော်မူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီးနောက် အကြည်ညိုခံပင့်သံဃာ ဆရာတော်ကြီး(၁၂)ပါးနှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၅)ပါးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူသော ဆရာတော်ကြီး (၁၅)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသံဝရာဘိဝံသ မဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment