Thursday, April 6, 2023

လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှု

 


မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လိုအပ်ချက်တစ်ရပ်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ နိုင်ငံ့စီးပွားရေးတွင် အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲနှင့် ဒေသအသီးသီးမှ လုပ်ငန်းရှင်များ တွေ့ဆုံကြရာတွင် တူညီသော တောင်းဆိုမှုတစ်ခုမှာ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရေးဖြစ်သည်ကို သတိပြုမိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့စီမံကိန်းများ ရပ်တန့်ခဲ့ရပြီး အချို့စီမံကိန်းများ ဖျက်သိမ်းခံခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်းထည့်သွင်းပြောကြားခဲ့ရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် နိုင်ငံတော်က စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးခြင်းပင်ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်မူ အကြမ်းဖက်အဖျက်အုပ်စုတို့က နိုင်ငံ၏ အခြေခံအဆောက်အအုံ လမ်းတံတား၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် လိုအပ်နေသည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြိမ်ကြိမ်တိုက်ခိုက်ဖျက်ဆီးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှစ၍ ဖောက်ခွဲဖျက်ဆီးမှုပေါင်း ၂၂၉ ကြိမ်ရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ သာယာကုန်းပင်မဓာတ်အားခွဲရုံကို ဒရုန်းဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ရာ ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်။ ဓာတ်အားခွဲရုံမှ ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ မင်းသားမလုပ်ရ၍ ပတ်မကြီးထိုးဖောက်သကဲ့သို့ပင် မဆီမဆိုင် အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးမှုများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေပြီး ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝများကိုလည်း ထိခိုက်ဆုံးရှုံးစေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ထုတ်လုပ်နိုင်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ်အတွင်းမှာပင် မကွေးတိုင်းဒေသကြီး၊ ကျောမြို့နယ်၊ ပုထိုးလုံးဒေသ၌ ၁၄ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် သပြေဝ ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံတို့ အသစ်တည်ဆောက်တပ်ဆင်နိုင်ခဲ့ပြီး ယင်းစက်ရုံများမှ ဓာတ်အား ၄၄ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ပို့လွှတ်နိုင်ခဲ့သည်။ ဆက်လက်၍လည်း နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်များမှနေ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အနှောင့်အယှက် အဖျက်အဆီးတို့ ကင်းရှင်းသည်နှင့်အမျှ နိုင်ငံတစ်ဝန်း ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက် အချိန်နှင့်တစ်ပြေးညီ အောင်မြင်နိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် နိုင်ငံအတွက် ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်နိုင်သမျှနှင့် ဖြည့်ဆည်းပေးနေရခြင်းဖြစ်ရာ ပြည်သူလူထုအတွင်း ဖြန့်ဝေရာတွင်လည်း ခွဲတမ်းချ၍ မျှတဖြန့်ဖြူးနေခြင်းဖြစ်သည်ကို နားလည်သမှုပြုကြရေး၊ ရလာသမျှသောလျှပ်စစ် ဓာတ်အားကိုလည်း အလဟဿမပြုန်းတီးစေရေး၊ မိမိတို့ပေးဆောင်ကြရမည့် လျှပ်စစ်ဓာတ်အားခများကိုလည်း တာဝန်ကျေပွန်စွာ ပေးဆောင်ကြခြင်းဖြင့် နိုင်ငံသားကောင်း ပီသကြစေရေးအတွက် နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။     

No comments:

Post a Comment